ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် ၁၂ နှစ်အောက် ကလေးများဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ယခုလာမည့် (၃၀- ၁၂-၂၀၁၇) နေ့တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၄၉) အမှတ် (၅၂) တွင် နှစ် (၇၀) ပြည့်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လွတ်လပ်ရေးအတွက် သွေးအသက်ပေးဆက်သည် မျက်နှာဖုံးဇာတ်လမ်း၊ ရောဂါကြောင့် ခန္ဓာကိုယ်အနေအထား ပုံမှန်မဟုတ်သော်လည်း စိတ်ရင်းကောင်းသူကိုဖေးမကာ ပေါင်းသင်းသင့်ကြောင်း ဖော်ကျူးသည့် နှစ်မျက်နှာ ကာတွန်းဇာတ်လမ်း၊ သကြားလုံးစားချင်သူရဲ့ဆုတောင်း တစ်မျက်နှာ ဇာတ်လမ်းတို့ကို ရှုစားကြရမည်ဖြစ်သည်။
ယခုတစ်ပတ်သုတကဏ္ဍတွင် နိုင်ငံတကာမှ ကလေးငယ်နှစ်ဦး၏ တီထွင်မှုများကို ကလေးတို့ ဗဟုသုတရရှိပြီး အားကျအတုယူစေရန် တင်ဆက်ထား ပါသည်။ ရသကဏ္ဍအနေဖြင့် သားသမီးကို လူတစ်လုံးသူတစ်လုံးဖြစ်စေရန် ဆင်းရဲဒုက္ခခံကာဖြည့်ဆည်းပေးသော မိဘမေတ္တာကို ရင်နင့်ဖွယ် ခံစားရမည် ဖြစ်သည်။ အထူးကဏ္ဍတွင် ကျေးလက်တောရွာရှုခင်းနှင့် ဘုန်းကြီးကျောင်းသားလေး တစ်ဦးပါ၀င်သော ပုံနှစ်ပုံကိုကြည့်၍ ကွဲပြားသည့်အချက် (၁၀) ချက်ကို ရှာဖွေရမည်ဖြစ်ပြီး ပါးပျဉ်းထောင်၍သွားနေသော မြွေလေးတစ်ကောင်ကို စက္ကူခေါက်ကာ ဆော့ကစားနိုင်မည်ဖြစ်သည်။
ကလေးတို့အင်္ဂလိပ်စာအရည်အသွေး တိုးတက်ကောင်းမွန်စေရန် ရည်ရွယ်တင်ဆက်ပေးသော အင်္ဂလိပ်စာကဏ္ဍတွင် အသုံးများသော ပြုမူဆောင်ရွက်ပုံ ကြိယာအချို့ကို ပုံနှင့်တကွ ဖော်ပြထားပါသည်။ ၎င်းအပြင် ယခုတစ်ပတ် ရွှေသွေးစကားဝိုင်း၌ နေ့စဉ် ပြောလေ့ပြောထရှိသော ပုံစံအချို့ကို ရှင်းလင်းချက်များ၊ အဓိပ္ပာယ်တူ အခြားအသုံးအနှုန်းများဖြင့် တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာ အရည်အသွေးကောင်းမွန်စေရန် အထောက်အကူ ပြုသည့် ရွှေသွေးအင်္ဂလိပ်သဒ္ဒါ ကဏ္ဍတွင် What ၏သဒ္ဒါစည်းမျဉ်းဆိုင်ရာ ဝါကျတည်ဆောက်ပုံများ၊ နမူနာ ဝါကျများ၊ လေ့ကျင့်ရန် ဝါကျများဖြင့် စုံစုံလင်လင် တင်ဆက်ထားရာ ကလေးများနှစ်သက်မည်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ် နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။