ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် ၁၂ နှစ်အောက် ကလေးများဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၆-၅-၂၀၁၈ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၀)၊ အမှတ် (၂၁) ၌ ဉာဏ်ပညာရှိပါက မိမိ၏အသက်ကို ကာကွယ်စောင့်ရှောက်နိုင်ပုံ မျက်နှာဖုံး ဇာတ်လမ်းနှင့် မိဘများသည် မိမိတို့၏ သားသမီးများကို အပြစ်ရှိမှသာ အပြစ်ပေးတတ်ပုံ နှစ်မျက်နှာ ဇာတ်လမ်း၊ ပိုပိုနဲ့ ဖိုးထုံတို့၏ 'တော်ပါသေးရဲ့' နှစ်မျက်နှာဟာသဇာတ်လမ်းနှင့် 'တွေဝေသူ' တစ်မျက်နှာဟာသဇာတ်လမ်း တို့ကို တင်ဆက်ထားပါသည်။
မြန်မာစာကဏ္ဍတွင် 'သံပေါက်ကဗျာရေးကြမယ်' ခေါင်းစဉ်ဖြင့် ဝိုင်းဖွဲ့ပြောဆိုဟန် ရေးဖွဲ့ထားပြီး ပုံပြင်ကဏ္ဍတွင် သူတစ်ပါးကို ကူညီဆောင်ရွက် ပေးပါက မိမိဒုက္ခရောက်သည့်အခါ အကူအညီ ပြန်လည်ရရှိနိုင်ပုံကို ဖွဲ့နွဲ့တင်ပြထားပါသည်။ ယခုတစ်ပတ်တွင် ကလေးများ ပုံနှစ်ပုံတွင် မတူညီသည့် အချက်များကို မျက်စိလျင်လျင်ဖြင့် ရှာဖွေနိုင်မည့် 'ရှာဖွေလေလေ တွေ့ရှိလေလေ' ကဏ္ဍကို ထည့်သွင်းဖော်ပြထားပါသည်။
ကလေးတို့၏ အင်္ဂလိပ်စာအရည်အသွေး တိုးတက်စေရန် ပြုမူဆောင်ရွက်ပုံ ကြိယာအချို့၏ ဝေါဟာရများကို သရုပ်ဖော်ပုံနှင့်တကွ တင်ဆက်ထားပါ သည်။ ကလေးတို့၏ အင်္ဂလိပ်စကားပြော စွမ်းရည် တိုးတက်စေရန် အထောက်အကူပြုမည့် ရွှေသွေးစကားဝိုင်းကဏ္ဍတွင် 'Useful sentence structures' များကို စိတ်၀င်စားဖွယ် တင်ဆက်လျက်ရှိရာ now that I come to think about it နှင့် Once you .... တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းချက်များကို ဖတ်ရှုကာ လေ့ကျင့်ပြောဆိုနိုင်မည် ဖြစ်ပါသည်။ အင်္ဂလိပ်စာကို ပိုမိုပိုင်နိုင်စေမည့် ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် verb to do ၏ simple present tense အကြောင်းကို ဆက်လက်တင်ဆက်ထားရာ ကလေးများ အင်္ဂလိပ်စာ အရည်အသွေး တိုးတက်လာမည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ် နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။