ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက်ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၀)၊ အမှတ် (၃၇) ၌ မျက်နှာဖုံးဇာတ်လမ်းအနေဖြင့် တောတွင်းဟာသ ဇာတ်လမ်းနှင့် မိမိတို့၏ ဘာသာသာသနာနှင့် ဆိုင်သည့် ယဉ်ကျေးမှုဓလေ့စရိုက် များကို လိုက်နာကျင့်သုံးတတ်စေရန် တင်ဆက်ထားသည့် နှစ်မျက်နှာဇာတ်လမ်း၊ ကိုပေါ၏ ဟိုဟာလည်းလွတ် ဒီဟာလည်းလွတ် နှစ်မျက်နှာဟာသ ဇာတ်လမ်းနှင့် ကျောက်ခေတ်ကမ္ဘာ တစ်မျက်နှာဇာတ်လမ်းတို့ကို တင်ဆက်ထားပါသည်။
မြန်မာစာစကားဝိုင်းကဏ္ဍတွင် ''ဘကြီးဟောပြောပွဲများ'' ခေါင်းစဉ်ဖြင့် ဝိုင်းဖွဲ့ပြောဆိုဟန် ရေးဖွဲ့ထားပြီး ပုံပြင်ကဏ္ဍတွင် သူတစ်ပါးအပေါ်ကို မကောင်းကြံပါက မိမိတွင်လည်း ဒုက္ခရောက်တတ်ပုံတို့ကို ပညာပေး တင်ဆက်ထားပါသည်။ ယခုတစ်ပတ်တွင် ကလေးများ ဗဟုသုတ တိုးပွားစေရန် ထား၀ယ်မြို့အကြောင်းကို ဖော်ပြထားပါသည်။
အင်္ဂလိပ်စာကဏ္ဍအနေဖြင့် ဖတ်မှတ်လေ့လာဝေါဟာရကမ္ဘာကဏ္ဍ၌ ပန်းအချို့၏ အမည်များကို အင်္ဂလိပ်-မြန်မာနှစ်ဘာသာဖြင့် ဖော်ပြပေးထားပါသည်။ ကလေးတို့၏ အင်္ဂလိပ်စကားပြော စွမ်းရည် တိုးတက်စေမည့် ရွှေသွေးစကားဝိုင်းကဏ္ဍတွင် 'Useful Sentence Structures' ခေါင်းစဉ်ဖြင့် ပြောဆို သုံးနှုန်းပုံအချို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာအခြေခံအတွက် အရေးပါပြီး အဓိကကျသည့် ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် past tense ဖြင့် ရေးသားနည်းအကြောင်းကို ရှင်းလင်းချက်များ၊ လေ့ကျင့်ခန်းများဖြင့် တင်ဆက်ထားရာ ကလေးများ အင်္ဂလိပ်စာအရည်အသွေး တိုးတက်လာမည်မှာ သေချာပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁- ၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။