ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် ၁၂ နှစ်အောက် ကလေးများအသိပညာဗဟုသုတရစေရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ (၈-၉-၂၀၁၈) စနေနေ့တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၀)၊ အမှတ် (၃၆)တွင် ''နောင်ကြဉ်သွားသည့် ပျော်စေပျက်စေ နောက်ပြောင်တတ်သူတစ်ဦး'' မျက်နှာဖုံးဇာတ်လမ်း၊ နေ့လယ်ခင်း၌ ကိုက်တတ်သည့် ခြင်ကျား အန္တရာယ်အကြောင်း သရုပ်ဖော် တင်ဆက်ထားသည့် ''ဆေးရုံအမြန်ပို့'' နှစ်မျက်နှာဇာတ်လမ်း၊ ''လယ်ဂဏန်းလေးများနှင့် ဖားငယ်လေးများကို အသက်ချမ်းသာစေချင်သည့် ရိုးရိုးလေး'' နှစ်မျက်နှာဇာတ်လမ်း၊ ''ကျောက်ခေတ်ကမ္ဘာနှင့် ကိုယ်အလေးချိန်ကျဆေးဖော်စပ်သူ'' တစ်မျက်နှာ ဟာသ ဇာတ်လမ်းတို့ကို တင်ဆက်ထားပါသည်။
ကလေးတို့ဗဟုသုတတိုးတက်စေရန် ရည်ရွယ်တင်ဆက်သည့် သုတကဏ္ဍတွင် ခေါင်မိုးပေါ်၌ ဆိုလာပြားများတပ်ဆင်ခြင်းအကြောင်း ဖတ်ရှုရမည် ဖြစ်သည်။ ရသကဏ္ဍအနေဖြင့် အသက်အရွယ် ကြီးရင့်သည့် ပြုစုစောင့်ရှောက်သူအား စော်ကားမိသည့် မောင်နှမနှစ်ဦး၏ မိုက်နောင်တအကြောင်း ဖွဲ့သီထားသည့် ''ခွင့်လွှတ်ပါ ဘွားရွှေ'' ကလေး၀တ္ထုကို တင်ဆက်ထားပါသည်။ အထူးကဏ္ဍအနေ ဖြင့် ပြည်သူပြည်သားများ အကျိုးစီးပွား တိုးတက်အောင် နိုင်ငံသားတိုင်း စောင့်ထိန်းရမည်တို့ကို လမ်းညွှန်ထားသည့် ပြည်သူ့နီတိနှင့် လောကလူသားတို့ လိုက်နာအပ်သည့် လူမှုကျင့်၀တ်နှင့် လူမှု စည်းကမ်းများဆိုင်ရာ လမ်းညွှန်ထားချက်များ ဖြစ်သည့် လောကနီတိတို့ကိုတင်ဆက်ထားပါသည်။ ဘာပုံလေးဖြစ်မလဲကဏ္ဍတွင်အမှတ်စက် ၁ မှ ၃၃ အထိဆက်ဆွဲခြင်းဖြင့် ရေသတ္တဝါတစ်ကောင် ပုံသဏ္ဌာန်ပေါ်လွင်လာမည် ဖြစ်သည်။
ကလေးတို့၏ အင်္ဂလိပ်စာအရည်အသွေး တိုးတက်စေရန် ရွှေသွေးဝေါဟာရကဏ္ဍတွင် 's' နှင့် စသည့်ပြုမူဆောင်ရွက်ပုံ ကြိယာငါးမျိုး၏ အနက်အဓိပ္ပာယ် နှင့် ဝါကျအတွင်း ထည့်သွင်းသုံးစွဲ ပုံများကို သရုပ်ဖော်ပုံများနှင့်တကွ တင်ဆက်ထားပါသည်။ ယခုအပတ် ရွှေသွေးစကားဝိုင်းကဏ္ဍ၌ Useful sentence structures အနေဖြင့် would you care for....?/would you like to......? နှင့် you are not to.....တို့နှင့် စပ်လျဉ်း၍ ရှင်းလင်းချက်များ၊ နမူနာဝါကျများ နှင့်အတူ အပြန်အလှန်စကားပြောခန်းများကို တင်ဆက်ထားပါသည်။ ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍ၌ you are not to..... ရေးနည်းများကို ပေးစာတစ်စောင်တွင် လမ်းညွှန်ချက်ပေးသည့်အခါ သုံးစွဲပုံများကို တင်ဆက်ထားပြီး you are not to..... ကို ဖြေကြည့်ခြင်းဖြင့် ကလေးတို့၏အင်္ဂလိပ်စာ နားလည် သဘောပေါက်မှုကို အထောက်အကူပြုမည်ဖြစ်သည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ် နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။