ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက်ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၀)၊ အမှတ် (၃၅) ၌ ကောလာဟလ၏ သဘောသဘာ၀ကို တင်ဆက်ထားသည့် မျက်နှာဖုံးဇာတ်လမ်းနှင့် စုပေါင်းအားဖြင့် ဆောင်ရွက်ပါက အောင်မြင်မှုကို ရရှိနိုင်ကြောင်း တင်ဆက်ထားသည့် နှစ်မျက်နှာဇာတ်လမ်း၊ ပူးပုံပါ၀င်သည့် နှစ်မျက်နှာဟာသဇာတ်လမ်းနှင့် စည်းကမ်းရှိရန် ပညာပေးထားသည့် တစ်မျက်နှာဇာတ်လမ်းတို့ကို တင်ဆက် ထားပါသည်။
မြန်မာစာစကားဝိုင်းကဏ္ဍတွင် ''ကျွန်ုပ်တို့ကျောင်း'' ခေါင်းစဉ်ဖြင့် ဝိုင်းဖွဲ့ပြောဆိုဟန် ရေးဖွဲ့ထားပြီး ပုံပြင်ကဏ္ဍတွင် မိမိထက် အသိပညာ၊ အတွေ့အကြုံ ရင့်ကျက်သူတို့၏ ဆုံးမစကားကို နာယူသင့်ပုံတို့ကို ပညာပေး တင်ဆက်ထားပါသည်။ ယခုတစ်ပတ်တွင် ကလေးများ ဗဟုသုတတိုးပွားစေရန် စက်တင်ဘာလအတွင်း ထူးခြားထင်ရှားနေ့ရက်များကို ဖော်ပြထားပါသည်။ ကလေးများ ပျော်ပျော်ရွှင်ရွှင်ဖြင့် အရုပ်များကို ခြယ်သနိုင်မည့် ဆေးရောင်လှလှခြယ်ကြရအောင်ကဏ္ဍကိုလည်း ထည့်သွင်းဖော်ပြထားပါသည်။
အင်္ဂလိပ်စာကဏ္ဍအနေဖြင့် ဖတ်မှတ်လေ့လာဝေါဟာရကမ္ဘာကဏ္ဍ၌ အသီးအချို့၏ အမည်များကို အင်္ဂလိပ် - မြန်မာနှစ်ဘာသာဖြင့် ဖော်ပြပေးထားပါ သည်။ ကလေးတို့၏ အင်္ဂလိပ်စကားပြော စွမ်းရည် တိုးတက်စေမည့် ရွှေသွေးစကားဝိုင်းကဏ္ဍတွင် 'Useful Sentence Structures' ခေါင်းစဉ်ဖြင့် ပြောဆိုသုံးနှုန်းပုံ အချို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာအခြေခံအတွက် အရေးပါပြီး အဓိကကျသည့် ရွှေသွေးအင်္ဂလိပ်သဒ္ဒါ ကဏ္ဍတွင် simple present with a future meaning ဖြင့် ရေးသားနည်းအကြောင်းကို ရှင်းလင်းချက်များ၊ လေ့ကျင့်ခန်းများဖြင့် တင်ဆက်ထားရာ ကလေးများ အင်္ဂလိပ်စာအရည်အသွေး တိုးတက်လာမည်မှာ သေချာပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁- ၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။