ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် ၁၂ နှစ်အောက် ကလေးများဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၄-၈-၂၀၁၈ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၀)၊ အမှတ် (၃၁)၌ ကလေးများ သူတစ်ပါး၏ ဥစ္စာပစ္စည်းကို အလကားရယူလိုစိတ် မထားရှိစေရန် တင်ဆက်ထားသည့် မျက်နှာဖုံးဇာတ်လမ်းနှင့် မီးကို ပေါ့ပေါ့ဆဆ သဘောမထားဘဲ သတိထား အသုံးပြုသင့်ပုံနှစ်မျက်နှာဇာတ်လမ်း၊ သူတစ်ပါးကို အန္တရာယ်ပြုပါက မိမိတွင်လည်း အန္တရာယ် ပြန်ဖြစ်စေပုံနှစ်မျက်နှာ ဇာတ်လမ်းနှင့် 'ကျောက်ခေတ်ကမ္ဘာ' တစ်မျက်နှာဟာသဇာတ်လမ်းတို့ကို တင်ဆက်ထားပါသည်။
မြန်မာစာကဏ္ဍတွင် 'စာစီစာကုံး ဆွေးနွေးဦး' ခေါင်းစဉ်ဖြင့် ဆက်လက်တင်ဆက်ထားပြီး ပုံပြင်ကဏ္ဍတွင် သူတစ်ပါးကို ချစ်ဖွယ်သော စကားပြောဆိုကာ ပေါင်းသင်းဆက်ဆံပါက နှစ်ဦးနှစ်ဖက်စလုံး အကျိုးများပုံကို ဖွဲ့နွဲ့တင်ပြထားပါသည်။ ယခုတစ်ပတ်တွင် ကလေးများ ဗဟုသုတတိုးပွားစေရန် သြဂုတ်လ အတွင်းထူးခြားထင်ရှားနေ့ရက်များကို ဖော်ပြပေးထားပြီး ကလေးတို့စိတ်ကြိုက် အရောင်ခြယ်သနိုင်မည့် ''ဆေးရောင်လှလှခြယ်ကြရအောင်'' ကဏ္ဍကို လည်း ထည့်သွင်းဖော်ပြထားပါသည်။
ကလေးတို့၏ အင်္ဂလိပ်စာအရည်အသွေး တိုးတက်စေရန် ငှက်အချို့၏ အမည်များကို သရုပ်ဖော်ပုံ နှင့်တကွ အင်္ဂလိပ် - မြန်မာနှစ်ဘာသာဖြင့် တင်ဆက် ထားပါသည်။ ကလေးတို့၏ အင်္ဂလိပ် စကားပြောစွမ်းရည် တိုးတက်စေရန် အထောက်အကူပြုမည့် ရွှေသွေးစကားဝိုင်းကဏ္ဍတွင် 'Useful sentence structures' များကို စိတ်၀င်စားဖွယ် တင်ဆက်လျက်ရှိရာ what if ........?, what I'm trying to say is.... တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းချက်များကို ဖတ်ရှုကာ လေ့ကျင့် ပြောဆိုနိုင်မည် ဖြစ်ပါသည်။ အင်္ဂလိပ်စာကို ပိုမိုပိုင်နိုင်စေမည့် ရွှေသွေးအင်္ဂလိပ်သဒ္ဒါ ကဏ္ဍတွင် future tense အကြောင်းကို ဆက်လက် တင်ဆက်ထားရာ ကလေးများ၏ အင်္ဂလိပ်စာ အရည်အသွေး တိုးတက်လာစေမည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ် နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။