ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၇ ခုနှစ်၊ မေလ ၁၃ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၄၉)၊ အမှတ် (၁၉) ၌ မိမိ လုပ်ဆောင်ရမည့် အလုပ်ကို အချိန်အခါမီ ဝီရိယရှိရှိလုပ်ဆောင်သင့်ပုံ လေးမျက်နှာဇာတ်လမ်းကို ကလေးများ အတုယူဖွယ် တင်ဆက် ထားပါသည်။ ထို့အပြင် သူတစ်ပါးကို ကူညီချင်လွန်းသော ယုန်ကလေး၏ စေတနာအမှားနှင့် ခြေတစ်ဖက်မပါ၍ မသန်သော်လည်း စွမ်းသည့်လူငယ်လေး တစ်ယောက်၏ အဖြစ်တို့ကို ရေးဖွဲ့ထားသော နှစ်မျက်နှာဇာတ်လမ်းများ လည်း ပါ၀င်ပါသည်။
မြန်မာစာစကားဝိုင်းကဏ္ဍတွင် မကောင်းသည့်အလေ့အထဟောင်းများကို ပယ်ဖျက်၍ ကောင်းမွန် သည့် အလေ့အထသစ်များကို ကျင့်သုံးသင့်သည်ကို ဝိုင်းဖွဲ့ပြောဆိုပုံဖြင့် ဖော်ပြထားပြီး ပုံပြင်ကဏ္ဍ ၌ ဘ၀တွင် ပြုမူ နေထိုင်ရမည့် နည်းလမ်းကောင်းကို ဖော်ညွှန်းရေးသားထားပါသည်။ ထို့အပြင် ကလေး များ လိုက်နာကျင့်သုံးသင့်သည့် ပြည်သူ့နီတိ၊ လောကနီတိတို့ကိုလည်း ထည့်သွင်းထားပါသည်။ ကလေးများကိုယ်တိုင်ရေးဆွဲရသည့် ပုံဆွဲကဏ္ဍလည်း ပါ၀င်ပါသည်။
ကလေးများ အင်္ဂလိပ်စာဝေါဟာရတိုးပွားစေရန် ဖတ်မှတ်လေ့လာဝေါဟာရကမ္ဘာကဏ္ဍ၌ အလုပ်အကိုင် အချို့၏ အမည်အခေါ်အဝေါ်များကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ဖော်ပြထားပါ သည်။ ရွှေသွေးအင်္ဂလိပ် စကားဝိုင်းကဏ္ဍ၌ 'Expressing one's pleasure, surprise and warning someone not to be very hopeful' ခေါင်းစဉ်ဖြင့် မိမိစိတ်ခံစားမှုအခြေအနေကို လည်းကောင်း၊ အင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် 'Own' ၏ သုံးနှုန်းပုံအမျိုးမျိုးကိုလည်းကောင်း ဖော်ပြထားရာ ကလေးများ အကြိုက်တွေ့မည်မှာ အမှန်ပင်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅ဝိ/-ကျပ်နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁ ၃၈၁၄၄၈၊ ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။