ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက် ကလေးများဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက် ရှိရာ ၂၀၁၇ ခုနှစ်၊ ဧပြီလ ၂၂ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၄၉)၊ အမှတ် (၁၆) ၌ လောဘစိတ်ဖြင့် အကောက်ကြံသူကို ခွင့်လွှတ်နိုင်သည့် မိတ်ဆွေစစ် မျက်နှာဖုံးဇာတ်လမ်းကို တင်ဆက် ထားပါသည်။ ကူညီချင်လွန်းသူ၊ မူးယစ်အန္တရာယ်နှင့် ကိုယ်တွေ့ ဖြစ်ရပ်နှစ်မျက်နှာဇာတ်လမ်းများနှင့် 'တော်တော်ကောင်းတဲ့အကြံ' တစ်မျက်နှာဇာတ်လမ်းတို့ကိုလည်း ကလေးများ နှစ်ခြိုက်မည်ဖြစ်ပါသည်။
အထူးကဏ္ဍအနေဖြင့် နှစ်သစ်ချိန်ခါတွင် ကလေးတို့ကျန်းမာရွှင်လန်းစွာ ပညာများ ဆက်လက်ဆည်းပူး နိုင်ပါစေကြောင်း နှစ်သစ်ဆုတောင်းကဏ္ဍကို တင်ဆက်ထားပါသည်။ မုဆိုးနားနီး မုဆိုးဆိုသကဲ့သို့ နီးစပ်ရာသူငယ်ချင်း၏ အကျင့်စရိုက်အမှားကို အတုယူမိသူ၏ နှောင်းနောင်တ ပညာပေး ၀တ္ထုကိုလည်း ဖတ်ရှုရမည်ဖြစ်ပါသည်။ ကာတွန်းပုံအဆင့်ဆင့်ရေးဆွဲရင်း စိတ်ရွှင်လန်း စေမည့်ကဏ္ဍနှင့် ရောထွေးနေသောပုံများထဲမှ မျက်စိလျင်လျင် ရှာဖွေတတ်စေမည့် ကဏ္ဍများလည်း ပါ၀င်ပါသည်။
အင်္ဂလိပ်စာအရည်အသွေးတိုးတက်စေရန် ရွှေသွေးစကားဝိုင်းကဏ္ဍတွင် မိမိပြောပြီးဖြစ်သည့် အချက်နှင့် ဆန့်ကျင်သောအချက်ကိုဖြည့်စွက်ပြောဆိုသည့် အခါ သုံးနှုန်းသည့်စကားလုံး၊ အမှန်တရား အရှိတရားကို ရင်ဆိုင်ရန် ပြောဆိုပုံစကားလုံးစသည်ဖြင့် နေ့စဉ်စကားပြောရာတွင် သုံးလေ့ရှိသည့် စကား ပြောဆိုပုံများ ကို ''Expressing different points, bewilderment,etc" ခေါင်းစဉ်ဖြင့် ဝေဝေဆာဆာ တင်ဆက်ထားသည်။ အင်္ဂလိပ်စာအခြေခံ ကောင်းမွန်စေရန် သဒ္ဒါကဏ္ဍတွင် One ၏ မူရင်း အဓိပ္ပာယ်နှင့် အသုံးများ၊ သဒ္ဒါစည်းမျဉ်းဆိုင်ရာ တည်ဆောက်ပုံများ၊ တွဲလုံးများကို လေ့လာနိုင်မည့် အပြင် လေ့ကျင့်ခန်း များ လေ့ကျင့်ခြင်းဖြင့် One ၏အသုံးတွင်မှုများကို ပိုမိုသိရှိ လာနိုင်မည်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ိ/-ကျပ် နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁ ၃၈၁၄၄၈၊ ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။