ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက် ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက် ရှိရာ ၂၀၁၇ ခုနှစ်၊ ဧပြီလ၊ ၁ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၄၉)၊ အမှတ် (၁၃) ၌ စိတ်လက်ပေါ့ပါး ရယ်ရွှင်စရာ မျက်နှာဖုံးဟာသဇာတ်လမ်းကို တင်ဆက်ထားပြီး သကြားလုံးများကို အလွန်အကျွံ စားသုံးပါက သွားများ ပျက်စီးတတ်ပုံနှင့် ကျောင်းနေအရွယ် ကလေးများအကြား မှန်ကန်သော ယှဉ်ပြိုင်မှုရှိသင့်ပုံကို သတိပြုဆင်ခြင်နိုင်မည့် နှစ်မျက်နှာဇာတ်လမ်းတို့ကို ဖတ်ရှု ရမည်ဖြစ်ပါသည်။
မြန်မာစာစကားဝိုင်းကဏ္ဍတွင် ''ယဉ်ကျေးသိမ်မွေ့ မြန်မာ့ဓလေ့'' ခေါင်းစဉ်ဖြင့် လူငယ်များ၏ ၀တ်စားဆင်ယင်ပုံနှင့် ယဉ်ယဉ်ကျေးကျေး ပြောဆိုပြုမူ သင့်ပုံကိုလည်းကောင်း၊ ပုံပြင်ကဏ္ဍတွင် မမေးမြန်း မဆင်ခြင်ဘဲ လုပ်ဆောင်ပါက အမှားမှားအယွင်းယွင်းဖြစ်တတ်ပုံကိုလည်းကောင်း အတုယူဖွယ် တင်ဆက်ထားပါသည်။ ထို့အပြင် မြန်မာ့နှစ်သစ်ကူးအတာသင်္ကြန်ပွဲကျရောက်သည့် ဧပြီလ၏ ထင်ရှားသောနေ့များ အကြောင်းကို လေ့လာနိုင်မည်ဖြစ်ပြီး အရုပ်ကလေးများကိုလည်း ကလေးများစိတ်ကြိုက်အရောင်တို့ကို ခြယ်သကစားနိုင်မည် ဖြစ်ပါသည်။
အင်္ဂလိပ်စာနှင့်ပတ်သက်၍ ဝေါဟာရတိုးပွားစေရန် လူ့အသုံးအဆောင်ပစ္စည်းအချို့ကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ဖော်ပြထားပါသည်။ ရွှေသွေး အင်္ဂလိပ်စကား၀ိုင်း၌ 'Expressing a need for hurry or speed' ခေါင်းစဉ်ဖြင့် တစ်စုံတစ်ခုသည် အလွန်ကောင်းကြောင်း၊ တစ်စုံတစ်ခုကို မြန်မြန်ဆန်ဆန် လုပ်ရန်လိုအပ်ကြောင်း စသည်ဖြင့် ပြောဆိုပုံအမျိုးမျိုးနှင့် ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် 'Now' ၏ သုံးနှုန်းပုံတို့ကို ရေးသားဖော်ပြထားရာ ကလေးများ အင်္ဂလိပ်စာအရည်အသွေးတိုးတက်လာမည်မှာ အမှန်ပင်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅ဝိ/-ကျပ်နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁ ၃၈၁၄၄၈၊ ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။