ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက် ကလေးများဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက် ရှိရာ ၂၀၁၇ ခုနှစ်၊ မတ်လ၊ ၁၁ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၄၉)၊ အမှတ် (၁၀) ၌ ခိုးယူခြင်းမှအစပြု၍ မကောင်းမှုမှန်သမျှ မပြုလုပ်ရန် ဆုံးမထားသည့် မျက်နှာဖုံးဇာတ်လမ်းကို ဖတ်ရှုရမည်ဖြစ်ပါသည်။ သွားမှန်မှန် တိုက်ခြင်းသည် သွားကျန်းမာရေးအတွက် ကောင်းမွန်ကြောင်းနှင့် စိုက်ခင်းများကို သဘာ၀မြေဆီမြေဆွေးတို့ဖြင့် စိုက်ပျိုးပါက ရောဂါကင်းဝေးမည် ဖြစ်ကြောင်း ပညာပေး နှစ်မျက်နှာ ဇာတ်လမ်းများလည်း ပါ၀င်ပါသည်။
အသိပညာဗဟုသုတပေးရေးဖွဲ့ထားသည့် တပေါင်းလ၏သဲပုံစေတီပွဲတော်အကြောင်းကို သုတဆောင်းပါးကဏ္ဍတွင် ဖော်ပြထားပါသည်။ အလုပ်ဟူသမျှ သည် တန်ဖိုးထားလုပ်ဆောင်ပါက ဂုဏ်ရှိသည့်အကြောင်း ကလေးများအတုယူတတ်စေရန် ရေးဖွဲ့ထားသော ကလေး၀တ္ထုကိုလည်း စိတ်၀င်စားဖွယ် ဖတ်ရှုနိုင်မည်ဖြစ်ပါသည်။ လိုက်နာကျင့်ကြံရမည့် ပြည်သူ့နီတိ၊ လောကနီတိနှင့် ကလေးများကိုယ်တိုင်ရေးဆွဲမှ ထွက်ပေါ်လာမည့် ပုံရေးဆွဲသည့် အစီအစဉ်တို့သည်လည်း ကလေးများအကြိုက်ဖြစ်ပေလိမ့်မည်။
ကလေးများ အင်္ဂလိပ်စာအရည်အသွေးတိုးတက်စေရန် ရွှေသွေးစကားဝိုင်းကဏ္ဍတွင် တစ်စုံတစ်ခုကို ပြောလိုခြင်း/ မပြောလိုခြင်း၊ တစ်စုံတစ်ခုကို သိခြင်း/ မသိခြင်း၊ တစ်စုံတစ်ခုလုပ်ရန် ဆန္ဒရှိခြင်း/ မရှိခြင်း တို့ ပြောဆိုခြင်းနှင့် ပတ်သက်၍ သုံးနှုန်းပြောဆိုသော "to tell or not to tell" အကြောင်းနှင့် ရွှေသွေး အင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် "never" ၏သဒ္ဒါစည်းမျဉ်းဆိုင်ရာ သုံးနှုန်းပုံ အမျိုးမျိုးကို တင်ဆက်ထားရာ ကလေးတို့၏ အင်္ဂလိပ်စာ အခြေခံများ ကောင်းမွန်လာမည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅ဝိ/-ကျပ် နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁ ၃၈၁၄၄၈၊ ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။