ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက် (စနေနေ့)တွင် ထွက်ရှိသည့် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၇)၌ ကိုယ်ပြုသောကံအတိုင်း ကိုယ်ခံစားရမည်ဆိုသော ဗာရာဏသီပြည့်ရှင် မင်းကြီး၏ သမီးငယ်အကြောင်း သရုပ်ဖော်ထားသည့် “ကံစီမံရာ” မျက်နှာဖုံးကာတွန်း၊ ကျားဆရာ ကြောင်ဖြစ်သည်ကို ကျားကြီးငနက် သဘောပေါက်သွားလောက်ပြီ ဖြစ်ကြောင်း သရုပ်ဖော်ထားသည့် “ကြောင်ကလေးရွှေဝါ- ကျားဆရာ” နှစ်မျက်နှာကာတွန်း၊ အသံ မကောင်းဘဲ လည်ပင်တိုနှင့် ငွေဒင်္ဂါးတို့ကို လိုချင်ဇောဖြင့် တောထဲရှိ အိမ်ကလေးဆီသွားပြီး သီချင်းဆိုမိရာက လည်ပင်းနှစ်ဆ ပိုရှည်သွားသော မောင်ဘအကြောင်း သရုပ်ဖော်ထားသည့် “နှစ်ဆ” နှစ်မျက်နှာကာတွန်း၊ ရွှေပိုး၏ သူငယ်ချင်းဂွတိုမှာ ငွေဆင်းရဲသော်လည်း စိတ်ဓာတ် မဆင်းရဲဘဲ ရိုးသားဖြူစင်ကြောင်း သရုပ်ဖော်ထား သည့် “ရွှေပိုး-သူငယ်ချင်း” နှစ်မျက်နှာကာတွန်း၊ စားစရာမုန့်ဖြစ်နေသောကြောင့် သူငယ်ချင်းများကို မကြွားတော့ဘူးဆိုသော ရွှေယုအကြောင်း သရုပ်ဖော်ထားသည့် “ရွှေယု” မျက်နှာဝက်ကာတွန်း၊ မျက်စိ အမြင်အားကောင်းစေချင်လျှင် မုန်လာဥကို စားရသည်ဆိုသော ရွှေဖဲအကြောင်း သရုပ်ဖော်ထားသည့် “ရွှေဖဲ” တစ်မျက်နှာ ဟာသ ကာတွန်းနှင့် ဆိတ်ခေါင်းတွင် ခြေထောက် မပါကြောင်းကို ဟာသဖြစ်ဖွယ် သရုပ်ဖော်ထားသည့် “ကျောက်ပု” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍအနေဖြင့် ကမ္ဘာဦးစရှေးခေတ်လူသားတို့၏ မီးကို စတင်တီထွင်အသုံးပြုခဲ့ပုံ အကြောင်းနှင့် နောက်ပိုင်းတွင် မီးကို အကျိုးရှိစွာ အသုံးချတတ်ခဲ့ပုံအကြောင်း ဗဟုသုတဖြစ်ဖွယ် တင်ဆက်ထားပါသည်။ ပုံပြင်ကဏ္ဍအနေဖြင့် ခရုဘုရင်နှင့် ရွှေယုန်တို့ အပြေးပြိုင်ကြရာ ဉာဏ်ကောင်း လှသည်ဆိုသော ရွှေယုန်သည် အရှုံးကြီးရှုံးခဲ့ရပုံအကြောင်း ရေးဖွဲ့ထားပါသည်။ လူချမ်းသာများအတွက် တစ်ထောင်တန်တစ်ရွက်က ဖွဲဆန်ကွဲမျှ တင်မှတ်ရသော်လည်း ထွန်းထောက်တို့ကဲ့သို့ အခြေခံလူတန်းစား များအတွက်မူ အသက်ထက်ပင် တန်ဖိုးရှိကြောင်း တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်မည့် ဉာဏ်စမ်းကဏ္ဍနှင့် ရွှေသွေးမောင်မယ်တို့အနေဖြင့် စိတ်နေစိတ်ထား မှန်ကန်ပြီး ရိုးသားဖြူစင်စွာဖြင့် အချင်းချင်း ရိုင်းပင်းကူညီကာ နေထိုင်တတ်ရမည်ဖြစ်ကြောင်း ရေးဖွဲ့ထားသည့် ဆရာသိဒ္ဓိမောင်ဒွေး၏ “ အိမ်၌ ယဉ်ကျေးခြင်း” ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အင်္ဂလိပ်စာဝါကျနှစ်ကြောင်းကို တစ်ကြောင်းတည်းအဖြစ် ဆက်သွယ်သည့် အခါ သုံးသော Relative Pronouns များဖြစ်သည့် who, whom, that and which တို့၏ အသုံးနှင့် ပတ်သက်၍ သင်ခန်းစာသစ်အချို့ကို ကလေးတို့ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်း ဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁ ၈၁၄၄၈၊ ၁-၂၄၉၀၃၁သို့ ဆက်သွယ်မှာယူနိုင်ပါသည်။