ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၅ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၄၉)၊ အမှတ် (၃၁) ၌ ဉာဏ်ထက်မြက်သော ယုန်လေးနှင့် အကောင်ကြီးသော်လည်း ဉာဏ်နည်းလှသော ဆင်ဘုရင်ကြီးတို့အကြောင်းကို ရေးဖွဲ့ထားသော မျက်နှာဖုံးဇာတ်လမ်း ပါ၀င်ပါသည်။ ထို့ပြင် ဉာဏ်ကောင်းလွန်းသော ဂျိုးကလေး ပါ၀င်သည့် ''အကျိုးရှိသော မမှန်စကား'' နှင့် မော်ကြီးတို့ အိမ်မှ ကြွက်များပပျောက်အောင် မည်ကဲ့သို့ပြုလုပ်သင့်ပုံကို သူငယ်ချင်းနှစ်ယောက် ဆွေးနွေးသည့် ဟာသဇာတ်လမ်းတို့ကို နှစ်မျက်နှာဇာတ်လမ်းတွင် ထည့်သွင်းထားပါသည်။
မြန်မာစာစကားဝိုင်းကဏ္ဍတွင် ''ကုလားအုတ်ရှာပုံတော်'' ပုံပြင်လေးကို ၀ိုင်းဖွဲ့ပြောဆိုပုံလေးဖြင့် တင်ဆက်ထားပြီး ပုံပြင်ကဏ္ဍတွင် ကလေးများ လူကြီးမိဘတို့၏ ဆိုဆုံးမစကားကို လိုက်နာတတ်ရန်နှင့် အခြားသူများ ပြောစကားကို ချင့်ချင့်ချိန်ချိန်ယုံသင့်ပုံကို တင်ဆက်ထားပါသည်။ ထို့ပြင် သြဂုတ်လအတွင်း ထူးခြားထင်ရှားသည့် နေ့ရက်များအကြောင်းကို ဖော်ပြထားပြီး ကလေးများ ပျော်ပျော်ရွှင်ရွှင်ဖြင့် အရောင်လေးများကို ခြယ်သနိုင်မည့် ''ဆေးရောင်လှလှခြယ်ကြရအောင်'' ကဏ္ဍကိုလည်း ထည့်သွင်းထားပါသည်။
အင်္ဂလိပ်စာကဏ္ဍတွင် ကလေးများ အင်္ဂလိပ်စာဝေါဟာရကြွယ်၀စေရန် သဘာ၀တောင်ရေမြေနှင့် ပတ်သက်သည့် စာလုံးများကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ဖော်ပြပေးထားပါသည်။ ထို့အပြင် အင်္ဂလိပ်စကားဝိုင်းကဏ္ဍတွင် တစ်ဦးတစ်ယောက်ကို အကူအညီပေးရန် အနှောင့်အယှက် မဖြစ်ပါဘူး၊ ဒုက္ခမဟုတ်ပါဘူးနှင့် မိမိက တစ်ခုခု လုပ်မိသည်ကို တိုင်ပြောရဲပြောကြည့်ဟူသော စကားအသုံးအနှုန်းတို့ကို ပြောဆိုရာတွင် သုံးနှုန်းသည့် 'Saying that you are happy to help someone and other expressions' ခေါင်းစဉ်ဖြင့် တင်ဆက်ထားပြီး ရွှေသွေးအင်္ဂလိပ်သဒ္ဒါ ကဏ္ဍတွင် 'take' ၏ အသုံးပြုပုံ အမျိုးမျိုးကို ဖော်ပြထားရာ ကလေးများအကြိုက်တွေ့မည်မှာ အမှန်ပင်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅ဝိ/-ကျပ်နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁ ၃၈၁၄၄၈၊ ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။