ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ်(၄၇)၌ မိတ်ဆွေအချင်းချင်း ချစ်ခင်သင့်မြတ်နေသည်ကို ကုန်းချောစကားပြောမိ၍ ဒုက္ခ ရောက်ခဲ့ရသော မြေခွေးအကြောင်းကို သရုပ်ဖော်ထားသည့် “စည်းလုံးခြင်း” မျက်နှာဖုံးကာတွန်း၊ ငှက်အိမ်လေးများဆောက်ကာ ငှက်ကလေးများနှင့် ပျော်ရွှင်နေရာမှာ သူငယ်ချင်းဖြစ်သူ ဂွတို၏ အကြံကို လက်ခံမိ၍ ဝမ်းနည်းခဲ့ရသော ရွှေပိုးအကြောင်းကို သရုပ်ဖော်ထားသည့် “ရွှေပိုး- အကြံ” နှစ်မျက်နှာ ကာတွန်း၊ အလုပ်တစ်ခုကို လုပ်ဆောင်ရာ၌ စဉ်းစားချင့်ချိန်၍ လုပ်ဆောင်တတ်စေရန် ပညာပေး သရုပ်ဖော်ထားသည့် “စဉ်းစားဆင်ခြင် ချင့်ချိန်ယုံပါ” နှစ်မျက်နှာကာတွန်း၊ လောဘကြီးမိ၍ မိမိတွင် ရှိသော ပစ္စည်းများပါ ဆုံးရှုံးခဲ့ရသော သူဌေးတစ်ယောက်အကြောင်းကို သရုပ်ဖော်ထားသည့် “လောဘ ကြီးသူ” နှစ်မျက်နှာကာတွန်း၊ ကွမ်းတံတွေးကို စည်းပျက်ကမ်းပျက် ထွေးကြသူများအကြောင်းကို ပြောဆိုဆွေးနွေးကြသည့် ပူတင်းတို့သားအဖအကြောင်းကို သရုပ်ဖော်ထားသည့် “ပူတင်း- တရားခံ ဘယ်သူလဲဟေ့” တစ်မျက်နှာကာတွန်းနှင့် မိမိသိချင်သည်များကို မေးမြန်းစူးစမ်းတတ်သော ပန်ပန် အကြောင်းကို သရုပ်ဖော်ထားသည့် “ပန်ပန်- မြေအောက်ရေ” မျက်နှာဝက်ကာတွန်းတို့ ပါဝင်ပါသည်။
ခန္ဓာကိုယ်အတွင်းပိုင်းရှိ အရေးကြီးဆုံးအင်္ဂါအစိတ်အပိုင်းဖြစ်သည့် အသည်းကို ထိခိုက်ပျက်စီး စေနိုင်သည့် အရာများမှ ရှောင်ရှားနိုင်စေရန် ရေးဖွဲထားသည့် “အသည်းရောဂါဖြစ်စေသော အစားအစာ များ” သုတဆောင်းပါး၊ ဉာဏ်ပညာကြီးမားသော မောင်စိတ္တနှင့် ရိုးသားဖြောင့်မတ်သော သူဌေးသမီးတို့ အကြောင်းကို ရေးဖွဲ့ထားသည့် “ရိုးသားသူရဲ့ ရလဒ်” ပုံပြင်နှင့် တစ်ဦး၏ကျေးဇူးတရားကို တစ်ဦးက သိရှိကာ အပြန်အလှန်ကျေးဇူးပြု၍ နေထိုင်သွားကြသော မြဂျိုးနှင့် ဦးစံသိန်းတို့အကြောင်းကို ရေးဖွဲ့ ထားသည့် “ကျေးဇူးတုံ့လှယ် မေတ္တာသွယ်” ဝတ္ထုတို့ ပါဝင်ပါသည်။ ထို့ပြင် ပေးထားသော ရုပ်ပုံကို ကလေးတို့စိတ်ကြိုက် အရောင်များဖြင့် ခြယ်သနိုင်မည့် “ဆေးရောင်လှလှ ခြယ်ကြရအောင်” ကဏ္ဍနှင့် အမျိုးသားနေ့သည် မြန်မာ့သမိုင်းဝင်နေ့တစ်နေ့ဖြစ်ကြောင်း သီကုံးဖွဲ့ဆိုထားသည် “အမျိုးသားနေ့” ကဗျာတို့ ပါဝင်ပါသည်။ အင်္ဂလိပ်စာကို ရေးသားပြောဆိုရာ၌ အသုံးပြုလေ့ရှိသည့် Idioms အသုံးအချို့ကို နမူနာဝါကျများဖြင့် ရေးသားထားသည့် “Useful Everyday Idioms” အင်္ဂလိပ်စာသင်ခန်းစာတို့ ပါဝင်ပါသည်။