''ဆရာကံမြင့်မော်'' ရေးသားသည့် ''အရုဏ်ကျင်းလို့ လင်းလုပြီကိုနှင့် အခြားဝတ္ထုတိုများ'' စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၅ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ဝတ္ထုတိုပေါင်းချုပ် တတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
''ဆရာကံမြင့်မော်'' ၏ ''အရုဏ်ကျင်းလို့ လင်းလုပြီကိုနှင့် အခြားဝတ္ထုတိုများ'' စာအုပ်သည် ဝတ္ထုတို (၁၃) ပုဒ် စုစည်းထားသည်။ ၁၁ ပုဒ်မှာ စာရေးသူ ကိုယ်စားပြု ကိုစမ်းရေကို ပင်တိုင်ဇာတ်ဆောင် ထားပြီး ရေးဖွဲ့ထားခြင်းဖြစ်သည်။ ကုမ္ပဏီဝန်ထမ်း တစ်ဦးဖြစ်သူ ကိုစမ်းရေ၏ ရိုးသားမှုနှင့် ကြိုးစားမှုတို့ကြောင့် သူ၏ မိသားစုဆင်းရဲတွင်းမှ လွတ်လာရသည့်အကြောင်းကို အရုဏ်တက်ကာ၊ အလင်းရောင်ရောက်လာသည်နှင့် ခိုင်းနှိုင်းတင်စားပြီး ရေးသားထားခြင်းဖြစ်သည်။
စီးပွားရေးလုပ်ရာတွင် အမြော်အမြင်ရှိရန်၊ ပတ်ဝန်းကျင်အနေအထားကို အမြဲစူးစမ်းနေရန် ဇွဲ၊ လုံ့လ၊ ဝီရိယရှိရန်၊ စွန့်စားရဲရန်၊ ဆုံးဖြတ်ရဲရန်၊ အမှန်တကယ် ကျွမ်းကျင်သူ၏ အကူအညီကို ရယူရန် စာဖတ်ရန် စသည့်အချက်များကို စာဖတ်သူ၏ ရင်ထဲသို့ ပို့ပေးနိုင်ခဲ့သည်။ အောင်မြင်မှုရခဲ့သော အတွေ့အကြုံများကို မျှဝေထားသော စာအုပ်ကောင်းတစ်အုပ်ဖြစ်ပေသည်။
အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၁၁၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော် သပြေကုန်းစျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၃၄၁၄၆၈၁)၊ မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၄၀၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များ တွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။