''ဇင်မင်း (သမိန်ထော)'' ရေးသားသည့် ''အလွမ်းနွေရိပ် ပန်းလှေဆိပ်'' စာအုပ်သစ်ကို စာပေဗိမာန် က ထုတ်ဝေဖြန့်ချိလိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၆ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ပြဇာတ်စာပေ ပထမဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ် အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
''အလွမ်းနွေရိပ် ပန်းလှေဆိပ်'' စာမူသည် အငြိမ်းစားဘ၀တွင် လောကကို အလှဆင်လိုသည့် ဇနီးမောင်နှံတို့ ကလေးလူငယ်များ၏ ဘ၀ကို စာနာလျက် ပြုစုပျိုးထောင်ပေးပုံကို အခြေပြု၍ ဇာတ်လမ်းရေးဖွဲ့ထားသည်။ ဆင်းရဲချို့တဲ့သည့် တံငါသည်မိသားစုမှ ကျောင်းပညာဆုံးခန်းတိုင် မသင်ရရှာသူ မိန်းကလေးကို စာပေဂီတ ထူးချွန်အောင် သင်ပေးရာ ထိုမိန်းကလေးမှတစ်ဆင့် ဧရာ၀တီမြစ်ကမ်းတစ်လျှောက် ကျေးရွာများအထိ အကျိုးပြုခဲ့ပုံ၊ စာကြည့်တိုက်များပြန့်ပွားရေး ဦးတည်ချက်ဖြင့် လှေဆိပ်များတွင် ကလေးသူငယ်များ စာဖတ်ခွင့်ရအောင် လုပ်ဆောင်ပုံများကို ရေးဖွဲ့ဖော်ကျူးထားသည်။ ပန်းလှေဆိပ်စာကြည့်တိုက်များ ဖွင့်လှစ်နိုင်ရန် အားထုတ်ပြီး ဒေသန္တရ အငွေ့အသက်များ ပါဝင်လာအောင် ဂီတခံစားမှုကိုပါ အားဖြည့်ထားသည့် ဦးတည်ချက်ကောင်း လျက် ခိုင်မာသော ပြဇာတ်ရှည် ဖြစ်ရာ သုတရသတို့ မျှတစွာ ခံစားရမည့် ပြဇာတ်စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၁၅၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော် သပြေကုန်း စျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၄၁၄၆၈၁)၊ မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။