''ပုသိမ်အောင်သန်းဦး'' ရေးသားသည့် ''ခရီးသည်'' စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေ ဖြန့်ချိလိုက်ပြီ ဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၅ ခုနှစ်အတွက် ပခုက္ကူစာပေဆုပြိုင်ပွဲတွင် ကျမ်းစာပေ ဒုတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
''ခရီးသည်'' စာမူတွင် ရသစာပေအလှတွင် ''ခရီးသွားစာပေ'' သည်လည်း အလှတစ်ပါးဖြစ်ပါသည်။ အချို့က ''ခရီးသွားစာပေ'' ကို ၀တ္ထု၊ ဆောင်းပါး၊ ကဗျာ ကဲ့သို့ ထိုက်တန်သော နေရာတစ်နေရာပေးရန် ဝန်လေးတတ်ကြပါသည်။ အကြောင်းမူ ခရီးသွားစာပေ အမည်ခံစာအုပ် စာတမ်းအချို့မှာ ''နေ့စဉ်မှတ်တမ်း'' အဆင့်လောက်သာ ရှိသောကြောင့် ဖြစ်ပါသည်။
ခရီးသွားစာပေတွင် ယေဘုယျအားဖြင့် စာရေးသူကိုယ်တိုင် ဝမ်းစာကြွယ်၀မှု၊ လူမှုသဘာ၀ ပတ်ဝန်းကျင်အပေါ် လေ့လာရေးစွမ်းအား ထက်မြက်မှု၊ မိမိဖော်ညွှန်းလိုရာဒေသ၏ ပကတိ အရှိတရားပေါ်တွင် နက်ရှိုင်းစွာ ခံစားနိုင်စွမ်းရှိမှု၊ မိမိရေးသားသော အကြောင်းအရာ ပေါ်တွင် စေတနာထားရှိမှု၊ စာဖတ်သူ၏ နှလုံးသားတွင် သုတနှင့်ရသနှစ်ဖြာသော ခံစားမှု ငြိတွယ်ပူးကပ် လာစေအောင် ကျွမ်းကျင်လိမ္မာသော အရေးအသားဖြင့် ဆွဲဆောင်နိုင်မှု … စသည့် အင်္ဂါရပ်များ လိုအပ်လေရာ အဆိုပါ အင်္ဂါရပ်ကောင်းများပါဝင်သော ခရီးသွားစာပေစာအုပ်ကောင်း တစ်အုပ် ဖြစ်ပါသည်။
မူလတန်းကျောင်းဆရာ ဘ၀ဖြတ်သန်းမှုများနှင့် စာရေးဆရာဘ၀ ခရီးသွားအတွေ့အကြုံများကို ရှမ်းပြည်နယ် တောင်ပေါ်ဒေသနှင့် ဧရာ၀တီတိုင်း ဒေသကြီး ပင်လယ်ကမ်းခြေဒေသတို့ကို နောက်ခံပြု၍ စိတ်ဝင်စားဖွယ်ရေးသားထားကြောင်းတွေ့ရှိရပါသည်။
အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၈၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော် သပြေကုန်း စျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၄၁၄၆၈၁)၊ မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။