''ဈာန် (စွမ်းအင်)'' ရေးသားသည့်''တောင်ဇလပ်ပြာနှင့် မဝေးလိုပါ'' စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိလိုက်ပြီဖြစ်ပါ သည်။
အဆိုပါစာအုပ်သည် ၂ဝ၁၅ ခုနှစ်အတွက် ပခုက္ကူစာပေဆုပြိုင်ပွဲတွင် ၀တ္ထုရှည် ပထမဆုရ စာမူ ဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
''တောင်ဇလပ်ပြာနှင့် မဝေးလိုပါ'' စာမူတွင် ကုန်လွန်ခဲ့ပြီးသော ခေတ်တစ်ခေတ်၏ ဘ၀သရုပ် ဖြစ်သည်။ ခေတ်ပညာတတ် လူငယ်တစ်စု၏ နှလုံးသား ရေးရာ၊ ဘ၀အတွေ့အကြုံ၊ နိုင်ငံရေးအယူအဆ၊ လုပ်ငန်းခွင်လုပ်ပိုင်ခွင့်နှင့် တာဝန်၀တ္တရား စသည်များကို မေတ္တာဇာတ်လမ်းဖြင့် ရက်ဖောက်ဖော်ညွှန်း၍ ရေးဖွဲ့ထားသော ၀တ္ထုရှည်ဖြစ်သည်။ ဤ၀တ္ထုကို အနှစ် (၄၀) ကျော်ကာလဆီက ရန်ကုန်တက္ကသိုလ်နယ်မြေနှင့် ကချင်ပြည်နယ်၊ နောင်မွန်မြို့တို့ကို နောက်ခံထား၍ ကြည်နူးစဖွယ်၊ လွမ်းမောစဖွယ်၊ သင်ခန်းစာရယူစဖွယ် ဖြစ်ရပ်စုံများဖြင့် ရသမြောက်အောင် သီကုံးထားသည်။ နိုင်ငံအတွင်း ငြိမ်းချမ်းရေးမရသရွေ့၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမအချင်းချင်း သံသယ ရှိနေသရွေ့၊ ယုံကြည်မှု မတည်ဆောက်နိုင်သရွေ့၊ အာဃာတတွေ ထားနေသရွေ့ ဤကဲ့သို့သော ဝမ်းနည်းကြေကွဲစရာ ဖြစ်ရပ်မျိုးနှင့် မလွဲမသွေ ကြုံဆုံနေဦးမည်ဟူသော အတွေးနှင့် ဘ၀အမြင်ကို ရရှိစေသည်။ အကြောင်းအရာတိုင်း စိတ်ကူးယဉ်မဆန်ဘဲ ထဲထဲဝင်ဝင် ပီပီပြင်ပြင် ရေးဖွဲ့နိုင်သော စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၉၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော် သပြေကုန်း စျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၄၁၄၆၈၁)၊ မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။