ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက် ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၁)၊ အမှတ် (၅၁) ၌ ကလေးတို့အနေဖြင့် ကျောင်းစာများကို လေ့လာမှတ်သားမှုများအပြင် ခန္ဓာကိုယ် ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားအားကစားကိုပါ လုပ်ဆောင်သင့်ပုံအကြောင်းကို သရုပ်ဖော် ရေးသားထားသည့် “ပုပုပါဝင်သည့် အေး .... ဟုတ်တယ်” မျက်နှာဖုံးကာတွန်း၊ အသိဉာဏ်မရှိသော တိရစ္ဆာန်များကို အသိဉာဏ်ရှိသော လူများက နားလည်မှုပေးရမည့်အကြောင်းကို ဟာသဖြစ်ဖွယ် ရေးဖွဲ့ထားသည့် “အိမ့်နှစ်” နှစ်မျက်နှာကာတွန်း၊ ဖူးလေး၏ သူမအမေအပေါ် ကျေးဇူးတင်မိပုံ အကြောင်းကို သရုပ်ဖော်ထားသည့် “ဖူးလေးရဲ့ တော်သေးတယ်” တစ်မျက်နှာကာတွန်း၊ သူတစ်ပါးအပေါ် အနိုင်အကျင့်တတ်သော ဗလကြီးအိမ်ပြောင်းသွား၍ သူငယ်ချင်းများကို မိမိကိုယ်မိမိ သတ္တိရှိဟန် ပြောဆိုနေသော ညီပုအကြောင်းကို ရေးဖွဲ့ထားသည့် “ညီပု” နှစ်မျက်နှာကာတွန်းနှင့် ကောက်ရသော ပိုက်ဆံကို ပိုင်ရှင်အား ပြန်ပေး ပြီးနောက် မိမိကိုယ်မိမိ ကျေနပ်သွားပုံအကြောင်းကို ရေးဖွဲ့ထားသည့် “ကလေးအတွေး” တစ်မျက်နှာ ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍအနေဖြင့် တိရစ္ဆာန်များထဲတွင် သင်ယူနိုင်စွမ်းမြင့်မားသော မျောက်အကြောင်းကို တင်ဆက်ထားပါသည်။ ပုံပြင်ကဏ္ဍတွင် ဉာဏ်အမြော်အမြင်ကြီးမားမှုကြောင့် ဘုရင်ကြီး၏ ထီးနန်းအပ်နှင်းခြင်းကို ခံရသော သားတော်ငယ်ဉာဏအကြောင်းကို ဖတ်ရှုနိုင်မည်ဖြစ်ပါသည်။ ထို့ပြင် ကလေးတို့အနေဖြင့် ရုပ်ပုံထဲရှိ အရာများကို မျက်စိလျင်လျင်ဖြင့် ရှာဖွေနိုင်မည့် “ရွှေသွေးတို့ပျော်စရာ” ပဟေဠိကဏ္ဍနှင့် ကျောင်းသား ကျောင်းသူများအနေဖြင့် ဘက်စုံထူးချွန်သူများဖြစ်လာရန် ကြိုးစားရမည်ကို သရုပ်ဖော်ပုံများနှင့် ဝေဝေဆာဆာ တင်ဆက်ထားသည့် “ကျောင်းသားဟူသည်” ကဗျာတို့ကို ဖတ်ရှုနိုင်မည် ဖြစ်ပါသည်။ အင်္ဂလိပ်စာကဏ္ဍတွင် အင်္ဂလိပ်စာ ဝါကျများအတွင်း infinitives နှင့် V-ing form တို့ကို အသုံးပြုပုံနှင့်ပတ်သက်၍ ဝါကျတည်ဆောက်ပုံ အချို့ကို ကလေးတို့ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁- ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။