ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက်ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတဝေလျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၁)၊ အမှတ် (၄) ၌ ဖိုးခွား၏ကျေးဇူးကြောင့် အောင်ဘို့အစွယ် မဆုံးရှုံးရပုံနှင့်ပတ်သက်၍ ဆင်စွယ်များ မတရား ဖြတ်ရောင်းခြင်းမှ တားဆီး ကာကွယ်ရေးအကြောင်း သရုပ်ဖော်ထားသော ''ဖိုးခွားနှင့်အောင်ဘို'' မျက်နှာဖုံးဇာတ်လမ်း၊ အဖေ၏အားဆေးများကို ပန်းပင်များ လန်းလာစေရန် အသုံးပြုနေသော ဖိုးဇော်အကြောင်း သရုပ်ဖော်ထားသည့် ''လွဲပြီဟ'' နှစ်မျက်နှာ ဇာတ်လမ်း၊ ခွန်အားကြီးသူထက် ဉာဏ်ပညာကြီးသူက ပိုသာလွန်ကြောင်း သရုပ်ဖော်ထားသော ''ဉာဏ်ကြီးသူက အနိုင်ရ'' နှစ်မျက်နှာဇာတ်လမ်းနှင့် အခုခေတ် လူငယ်တို့၏ ဘောင်းဘီစတိုင် အကြောင်း တင်ဆက်ထားသော ''ကိုစံပြူးနှင့် မပွားစိန်'' တစ်မျက်နှာ ဇာတ်လမ်းတို့ကို ဖတ်ရှု ရမည် ဖြစ်ပါသည်။
ဆောင်းပါးကဏ္ဍတွင် မြေးအဘွားသုံးယောက် ပျော်ပျော်ရွှင်ရွှင် စကားဝိုင်းဖွဲ့ ပြောနေကြပုံဖြင့် ''ဆောင်းရာသီ'' အကြောင်း ဖတ်ရှုရမည်ဖြစ်ပါသည်။ ကလေး၀တ္ထုကဏ္ဍတွင် သူတစ်ပါးအား နာကျင်အောင်ပြုလုပ်လျှင် တူသောအကျိုးခံစားရပုံအကြောင်းကို ဖတ်ရှုရမည်ဖြစ်ပြီး ကလေးတို့ ကိုယ်တိုင် ပါ၀င်ရေးဆွဲနိုင်မည့် ''ကာတွန်းပုံအဆင့်ဆင့် ဆွဲကြမယ်'' ကဏ္ဍနှင့် ကိုယ်တိုင်ပါ၀င် ဆောင်ရွက်ရမည့် ''ဘယ်သူမျက်စိပိုလျင်သလဲ'' ကဏ္ဍတို့ကို တင်ဆက်ထားပါသည်။
ဖတ်မှတ်လေ့လာ ဝေါဟာရကမ္ဘာကဏ္ဍတွင် ပြုမူဆောင်ရွက်ပုံ ကြိယာငါးမျိုးကို လေ့လာမှတ်သား နိုင်မည် ဖြစ်ပါသည်။ ကလေးတို့၏ အင်္ဂလိပ်စကားပြောစွမ်းရည်ကို တိုးတက်စေမည့် ရွှေသွေး စကားဝိုင်းကဏ္ဍတွင် 'Conversation Questions and Answers' ခေါင်းစဉ်ဖြင့် အခင်မင်၊ အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်အကြောင်းနှင့် ပတ်သက်ပြီး အပြန်အလှန်ပြောဆို သုံးနှုန်းပုံ အချို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာ အခြေခံအတွက် အရေးပါပြီး အဓိကကျသည့် ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် သင်ခန်းစာသစ်အနေဖြင့် 'Modal Verb' (အကူကြိယာ) အကြောင်းကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁- ၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။