ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက်(၁၂) နှစ် အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန်ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၂ ရက် (စနေနေ့) တွင်ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၂)၊ အမှတ်(၅၀)၌ မောင်သီဟသည် မူးယစ်သေရည်သောက်မိပြီး အပျော်လွန်သွားသည့်အခါ သူ၏ကျေးဇူးရှင်သူဌေးအပေါ် မကောင်းသောအကြံများ ကြံမိတော့မည့် အကြောင်းကို ရေးဖွဲ့ထားသည့် “အချိန်မီရတဲ့ နောင်တ” မျက်နှာဖုံးကာတွန်း၊ ပတ်ဝန်းကျင် လှပသာယာစေရန်အတွက် မိမိတို့ကိုယ်တိုင် တန်ဖိုးထား ထိန်းသိမ်းရမည်ဖြစ်ကြောင်းကို ရေးဖွဲ့ထားသည့် “ပေတိုး” နှစ်မျက်နှာကာတွန်း၊ မိမိ၏ အသက်သခင်ကျေးဇူးရှင်ကို ကျေးဇူးသိတတ်ရန် လိုအပ်ကြောင်းကို ပညာပေးတင်ဆက်ထားသည့် “ကျေးဇူးသိတတ်တဲ့သူ” သုံးမျက်နှာကာတွန်း၊ ဖိုးသား၏ သင်တန်းပေးထားသော ခွေးလေးအကြောင်းကို ဟာသဖြစ်ဖွယ် ရေးဖွဲ့ထားသည့် “ဖိုးသား” နှစ်မျက်နှာကာတွန်း၊ သားသားလေး တစ်ယောက်တည်းသာ လိမ္မာစွာဖြင့် စာဖတ်နေသည့်အကြောင်းကို ဟာသဖြစ်ဖွယ် တင်ဆက်ထားသည့် “အလိမ္မာ စာမှာရှိ” မျက်နှာဝက် ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် ကိုယ်ခန္ဓာကျန်းမာသန်စွမ်းစေရန်နှင့် သင်ယူလေ့လာမှုတို့တွင် ဉာဏ်ရည် ထက်မြက်ဖွံ့ဖြိုးစေရန်အတွက် လိမ္မော်သီးကို ပုံမှန်စားသင့်ကြောင်း ရေးဖွဲ့ထားသည့် “လိမ္မော်သီး” သုတ ဆောင်းပါး၊ မိဘများကို ရိုသေလေးစားစွာ ပြုစုလုပ်ကျွေးသင့်ကြောင်း ရေးဖွဲ့ထားသည့် ဆုံးမစာကို ရွှေသွေးတို့ ဗဟုသုတရရှိစေရန်အတွက် တင်ဆက်ထားသည့် “မိခင် ဖခင် ကျေဇူးရှင်” ဆုံးမစာကဏ္ဍတို့ ပါဝင်သည်။ ဆရာ၊ ဆရာမများအပေါ်တွင် မကောင်းသည့် အငြိုးများ မထားသင့်သည့်အကြောင်းကို ပညာပေးရေးဖွဲ့ထားသည့် “မကောင်းတဲ့ အငြိုးမထားတော့ပါ” ကလေးဝတ္ထုကို ဖတ်ရှုရမည်ဖြစ်ပါသည်။ ထို့ပြင် ကလေးတို့စိတ်ကြိုက် အရောင်များကို ရွေးချယ်ပြီး အရောင်များ ခြယ်သနိုင်ရန်အတွက် ရုပ်ပုံနှင့် တင်ဆက်ထားသည့် “ဆေးရောင်လှလှခြယ်ကြမယ်” ကဏ္ဍ၊ ခွာညိုပန်းများပွင့်ပြီး နှင်းဖွေးဖွေးကျသော ဒီဇင်ဘာလအကြောင်းကို ရေးဖွဲ့ထားသည့် “ရွှေသွေးတို့ ဒီဇင်ဘာ” ကဗျာ၊ သဇင်ပန်းများပွင့်ပြီး စာဆိုပွဲများ မြိုင်မြိုင်ဆိုင်ဆိုင်ကျင်းပသည့် နတ်တော်လအကြောင်းကို ရေးဖွဲ့ထားသည့် “စာဆိုတော်လ” ကဗျာတို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် နေ့စဉ်သုံးအင်္ဂလိပ်စကားပြောနှင့် ပတ်သက်၍ အပြန်အလှန် မေးမြန်းပြောဆိုပုံ သင်ခန်းစာသစ်အချို့ကို ကလေးတို့ လေ့လာမှတ်သား နိုင်မည်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၃၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ်(၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း-၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။