ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန်ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်းထုတ်ဝေလျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၃၁ ရက် (စနေနေ့) တွင်ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၂) အမှတ် (၄၄) ၌ စာကြိုးစားလာသော မောင်လူအေး အကြောင်းကို ရေးဖွဲ့ထားသည့် ကာတွန်းဆူးထက်အောင်၏ “မောင်လူအေးနှင့် လက်ဆောင်” မျက်နှာဖုံးကာတွန်း၊ Mask တပ်မည်၊ လက်ဆေးမည်၊ လူစုလူဝေးရှောင်မည်ဆိုသော ဖိုးလုံးအကြောင်းကို ရေးဖွဲ့ထားသည့် ကာတွန်းထိန်သာ၏ “ဖိုးလုံး- ကာလအိပ်မက်” နှစ်မျက်နှာ ကာတွန်း၊ အဝတ်အစားအသစ်များကို သပ်သပ်ရပ်ရပ်နှင့် လှလှပပဝတ်ဆင်ကာ သူငယ်ချင်း၏ မွေးနေ့ပွဲတက်ရောက်ရန်သွားသော စိန်စိန်မျောက်မျောက်၏အဖြစ်ကို ရေးဖွဲ့ထားသည့် ကာတွန်း မြေဇာ၏ “စိန်မျောက်မျောက်- အရှက်” နှစ်မျက်နှာကာတွန်း၊ မပေါင်းသင်းအပ်သော မိတ်ဆွေ အမျိုးအစားများအကြောင်းကို ပညာပေးရေးဖွဲ့ထားသည့် “မိတ်ဆွေကောင်း” နှစ်မျက်နှာ ကာတွန်း နှင့် ရေကူးကန်ထဲတွင် ရေနစ်နေသူအား ကူညီကယ်ဆယ်ရန် ကြိုးစားခဲ့သော ရွှေချည်ဇာ အကြောင်းကို သရုပ်ဖော်ထားသည့် ကာတွန်းဝင်းသဉ္ဇာမျိုး၏ “ရွှေချည်ဇာနှင့် ရေကူးကန်” တစ်မျက်နှာ ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် မြန်မာ့ရိုးရာ သီတင်းကျွတ်မီးထွန်းပွဲတော် ကျင်းပပုံအကြောင်းနှင့် ဓလေ့ထုံးတမ်း အစဉ်အလာများအကြောင်းကို ကလေးတို့ဗဟုသုတဖြစ်ဖွယ် တင်ဆက်ထားသည့် ဆရာမချမ်းမြေ့ခင်၏ “သိမှတ်ဖွယ်ရာ သီတင်းကျွတ်လပြည့်နေ့အကြောင်း” သုတဆောင်းပါးကို တင်ဆက်ထားပါသည်။ ပုံပြင်ကဏ္ဍအနေဖြင့် ယုန်လေးသည် မဟုတ်အမှန် အကြွားသန်သော အကျင့်ကြောင့် တစ်နေ့တွင် ဒုက္ခရောက်ရပုံအကြောင်းကို ရေးဖွဲ့ထားသည့် ဆရာဌေးကျော်ဦး၏ “အကြွားသန်တဲ့ ယုန်ကလေး” ကလေးပုံပြင်ကို ဖတ်ရှုရမည်ဖြစ်ပါသည်။ ထို့ပြင် ရွှေသွေးတို့ ကိုယ်တိုင် ပါဝင်ဆောင်ရွက်ရမည့် ဆရာမမြင့်စန္ဒာ၏ “ဥယျာဉ်မှူးနှင့် မီးသတ်သမား” ဉာဏ်စမ်းကဏ္ဍ၊ ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသော ကာတွန်းများကို တင်ဆက်ထားသည့် “ရွှေသွေးတို့ လက်ရာ” ကဏ္ဍ၊ သီတင်းကျွတ်အချိန်ခါ ချစ်စရာသဘာဝအလှတရားများအကြောင်းကို ရေးဖွဲ့ထားသည့် ဆရာလက်ပံနီ၏ “ကျွတ်သီတင်း” ကဗျာနှင့် ကာတွန်းကိုသင်းက သရုပ်ဖော် ထားသည့် ပျော်ရွှင်ဖွယ်ရာများနှင့် ပြည့်နေသော သီတင်းကျွတ်လပြည့်နေ့အကြောင်းကို ရေးဖွဲ့ထား သည့် ဆရာခိုင်ချစ်အောင်၏ “ရွှေသွေးပျော်တဲ့လ” ကဗျာတို့ကိုလည်း တင်ဆက် ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် နေ့စဉ်သုံး အင်္ဂလိပ်စကားပြောနှင့် ပတ်သက်၍ အပြန်အလှန် မေးမြန်း ပြောဆိုပုံ သင်ခန်းစာသစ်အချို့ကို ကလေးတို့ လေ့လာမှတ်သားနိုင်မည်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း-၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။