ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးများဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၆ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၄၉)၊ အမှတ် (၃၄) တွင် စာပေဗိမာန်ရုံး နှစ် (၇၀) ပြည့်ကို ဂုဏ်ပြုသောအားဖြင့် ဆရာကြီး ဦးဘကြည်ရေးဆွဲခဲ့သော လေးမျက်နှာဇာတ်လမ်းကို အထူး တင်ဆက်ထားပါသည်။ ထို့အပြင် သတိအလွန်မေ့လျော့တတ်သော ကျော်ကျော်၏နောင်တရပုံ နှစ်မျက်နှာဇာတ်လမ်းနှင့် သူတစ်ပါး အားကိုးပါက မိမိ၏ အလုပ်မပြီးမြောက်ဘဲ မိမိကိုယ်မိမိအားကိုးလုပ်ဆောင်မှသာ အောင်မြင် တတ်ပုံကို ဖော်ညွှန်းထားသည့် နှစ်မျက်နှာဇာတ်လမ်းတို့ပါ၀င်ပါသည်။
သုတကဏ္ဍတွင် စာပေဗိမာန်နှင့် ပတ်သက်၍ ကလေးများ ဗဟုသုတရစေရန် ဖော်ပြပေးထားပြီး ၀တ္ထုကဏ္ဍတွင် မိမိလုပ်ဆောင်ထားသည့် ကိစ္စများ အတွက် မိမိဘာသာတာ၀န်ယူသင့်ပုံကို ရေးဖွဲ့ထားရာ ကလေးများ ဂရုပြုမှတ်သားဖွယ် ဖတ်ရှုနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် အရုပ်ကလေးများကို ပျော်ပျော်ရွှင်ရွှင်ဆက်ဆွဲနိုင်မည့် ''ကာတွန်းပုံအဆင့်ဆင့် ဆွဲကြမယ်ကဏ္ဍ'' နှင့် ရုပ်ပုံတွင် ဝှက်ထားသော ပစ္စည်းများကို ရှာဖွေနိုင်မည့် ''ဘယ်သူမျက်စိ ပိုလျင်လဲကဏ္ဍ'' တို့ကိုလည်း ထည့်သွင်း ထားပါသည်။
အင်္ဂလိပ်စာကဏ္ဍတွင် 'P' ဖြင့် အစပြုသော စကားလုံးအချို့ကို အသုံးအနှုန်းနှင့်တကွ ဝါကျ အတွင်း သုံးနှုန်းပုံတို့ကို ဖော်ပြပေးထားရာ ကလေးများ အင်္ဂလိပ်စာအရည်အသွေး တိုးတက်လာမည် ဖြစ်ပါသည်။ အင်္ဂလိပ်စကားဝိုင်းကဏ္ဍ၌ မိမိပြောဆိုရမည့် အကြောင်းအရာ၊ အခြေအနေနှင့် ပတ်သက်သည့် သုံးနှုန်းပြောဆိုပုံတို့ကို "Useful Expressions" ခေါင်းစဉ်ဖြင့် တင်ဆက်ထားပြီး ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် "That" ၏ အသုံးပြုပုံအမျိုးမျိုးကို တင်ဆက်ထားရာ ကလေးများ ကျေနပ်နှစ်သက်နိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅ဝိ/-ကျပ် နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁ ၃၈၁၄၄၈၊ ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။