ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန်ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၃)၊အမှတ်(၅)၌ မည်သည့်လုပ်ငန်းတွင်မဆို ရန်လိုလားသည့်စိတ်ကို ပယ်ဖျက်၍ အကောင်းမြင်စိတ်နှင့် မေတ္တာ၊ စေတနာထားပြီး လုပ်ဆောင်မှသာ အောင်မြင်ကြီးပွားမည် ဖြစ်ကြောင်း သရုပ်ဖော် တင်ဆက်ထားသည့် “မေတ္တာဖျန်းမှ” မျက်နှာဖုံးကာတွန်း၊ သူတစ်ပါးကို နောက်ပြောင်တတ်သည့် ရန်ပိုင်စိုး အကြောင်းကို ဟာသဖြစ်ဖွယ် ရေးသားတင်ဆက်ထားသည့် “ရန်ပိုင်စိုး” နှစ်မျက်နှာကာတွန်း၊ ကိုယ်ချင်းစာ တရားထားရှိရန် လိုအပ်ကြောင်းကို ဟာသဖြစ်ဖွယ် ပညာပေးတင်ဆက်ထားသည့် “ဘေဘီဗွတ်ကလုံ” တစ်မျက်နှာကာတွန်း၊ ဆင်ဖြူကျွန်းမြို့ကို ဖြတ်သန်းစီးဆင်းနေသော စလင်းချောင်းကြီး အကြောင်းနှင့် သူငယ်ချင်းများကို စနောက်တတ်သည့် စိန်မျောက်မျောက်အကြောင်းကို ဟာသဖြစ်ဖွယ် ရေးဖွဲ့ထားသည့် “စိန်မျောက်မျောက်” နှစ်မျက်နှာကာတွန်း၊ ငွေရှိလျှင် မည်သည့်အရာမဆို ရရှိနိုင်ကြောင်းကို ဟာသဖြစ်ဖွယ် ရေးဖွဲ့ထားသည့် “အိမ့်နှစ်” နှစ်မျက်နှာကာတွန်း၊ ဈေးဝယ်မှ ပြန်လာသည့် ဆုရတီအောင်အကြောင်း ကို ဟာသဖြစ်ဖွယ်ရေးဖွဲ့ထားသည့် “ဆုရတီအောင် ဈေးအပေါဆုံး” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် ပြာသိုလတွင် ကျင်းပသော မြင်းခင်းသဘင်ပွဲအကြောင်းကို ကလေးများ ဗဟုသုတတိုးပွားစေရန် တင်ဆက်ထားသည့် “ပြာသိုလနှင့် မြင်းခင်းသဘင်” သုတဆောင်းပါးကဏ္ဍ၊ ကမ္ဘာ့နိုင်ငံအချို့တွင် ကူးစက်မြန် ဗီဇပြောင်းကိုရိုနာဗိုင်းရတ်များ ဆက်လက်ပျံ့နှံ့လျက်ရှိနေသဖြင့် ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို မမေ့မလျော့ လိုက်နာကြရန်လိုအပ်ကြောင်း တင်ဆက်ထားသည့် “ဗီဇပြောင်း ကိုရိုနာဗိုင်းရတ်” သုတဆောင်းပါး၊ ကလေးများကို ဉာဏ်ရည်ထက်မြက်စေနိုင်ပြီး ကလေးတို့ စိတ်ကြိုက် အရောင်များကို ရွေးပြီး ခြယ်သနိုင်ရန် ရုပ်ပုံနှင့်တကွ တင်ဆက်ထားသည့် “ဆေးရောင်လှလှခြယ်ကြမယ်” ဉာဏ်စမ်းကဏ္ဍတို့ ပါဝင်သည်။ ပျားရည်ဖြစ်ပေါ်လာပုံအဆင့်ဆင့်ကို ပညာပေး တင်ဆက်ထားသည့် “ထူးဆန်းတဲ့ ပျားရည်” ပုံပြင်ကို ဖတ်ရှုရပါမည်။ ထို့ပြင် သားသားလေး စုဆောင်းထားသည့် ဇီးကွက်ရုပ်စုဘူး လေးအကြောင်းကို ရေးဖွဲ့ထားသည့် “ဇီးကွက်လာဘ်ကောင်” ကဗျာကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အခြေခံအင်္ဂလိပ်သဒ္ဒါနှင့် ပတ်သက်၍ အင်္ဂလိပ်စာဝါကျအတွင်း နာမ်ရှေ့တွဲသုံး စကားလုံး များ(determiners) အသုံးပြုပုံအကြောင်းကို ရှင်းလင်းဖော်ပြပြီး လေ့ကျင့်ခန်းသစ်များကို ကလေးတို့ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၃၀၀ ကျပ်နှုန်း ဖြင့်စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း-၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။