ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက်(၁၂) နှစ် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန်ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက် ရှိရာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက် (စနေနေ့) တွင်ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၃)၊အမှတ်(၃)၌ သစ်သားနှင့် မထုလုပ်ဘဲ ငါးခြောက်နှင့် အခြားပစ္စည်းများကို ရောနှောကာ ကြွက်ရုပ်တုကို ထုလုပ်ထားသည့် ဉာဏ်ရည်ထက်မြက်သော မောင်ညိုအကြောင်းကို တင်ဆက်ထားသည့် “ဉာဏ်ထက်သူ” မျက်နှာဖုံး ကာတွန်း၊ ကျောင်းပညာများတွင် ထူးချွန်ရုံသာမက အကျင့်စာရိတ္တ ပြည့်စုံမှသာ လူတော်လူကောင်းဖြစ်မည့် အကြောင်းကို ပညာပေး တင်ဆက်ထားသည့် “လူတော်လူကောင်း” နှစ်မျက်နှာကာတွန်း၊ လူများ၏ စည်းကမ်းမဲ့ စွန့်ပစ်ထားသော ပလတ်စတစ်များကြောင့် ရေနေသတ္တဝါဖြစ်သော ငါးလေးများ ဒုက္ခရောက်ရပုံ အကြောင်းကို ပညာတင်ဆက်ထားသည့် “ငါးကလေးတွေနေတဲ့ ရေပြင်ကျယ်” တစ်မျက်နှာကာတွန်း၊ ဆရာတော်၏ ဆုံးမမှုကြောင့် မုဆိုးအလုပ်ကို စွန့်လွှတ်ပြီး ထင်းခုတ်သမားအဖြစ် ဘဝကို အေးချမ်းစွာ နေထိုင်သွားသည့် ဦးမြင့်ဝေ၏အကြောင်းကို သရုပ်ဖော်တင်ဆက်ထားသည့် “ကိုယ်ကြိုက်တာ ကိုယ်လုပ်” နှစ်မျက်နှာကာတွန်း၊ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုကို ကာကွယ်နိုင်ရန်အတွက် ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို မပေါ့မလျော့ဘဲ ဆက်လက်လိုက်နာရန်လိုအပ်ကြောင်း ပညာပေးတင်ဆက်ထားသည့် “မောင်ထွေးလေးနှင့် ကိုဗစ်” နှစ်မျက်နှာကာတွန်း၊ ကမ္ဘာ့ဝင်ရိုးအကြောင်းကို ဟာသဖြစ်ဖွယ် တင်ဆက်ထားသည့် “ကမ္ဘာ့ဝင်ရိုး ” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားသည်။
သုတကဏ္ဍတွင် ရှမ်းတိုင်းရင်းသားအများစုများ၏ ရိုးရာဟင်းလျာများတွင် အသုံးပြုကြသည့် ရှမ်းပဲပုပ်အကြောင်းကို တင်ဆက်ထားသည့် “ ရှမ်းပဲပုပ်” သုတဆောင်းပါး၊ မြန်မာ့ဆိုင်းဝိုင်းတွင် အသုံးပြုသော လေမှုတ်တူရိယာများအနက် အဓိကအကျဆုံးနှင့် အသုံးအတွင်ကျယ်ဆုံးတူရိယာ ဖြစ်သော နှဲအကြောင်းကို ရေးသားထားသည့် “နှဲအကြောင်း သိကောင်းစရာ” သုတဆောင်းပါးတို့ ပါဝင်သည်။ ထို့ပြင် တပည့်လိမ္မာလေးကြောင့် အိမ်ဖော်အားလုံးတို့သည် ဆရာကြီးအပေါ် အလွန်လေးစားကြည်ညိုသွားကြပုံ အကြောင်းကို ပညာပေးတင်ဆက်ထားသည့် ဆရာဝင်းဇော်(သုံးဆယ်) ၏ “တပည့်လိမ္မာ” ကလေးဝတ္ထု၊ ကလေးတို့စိတ်ကြိုက်အရောင်များကို ရွေးချယ်ပြီး အရောင်များ ခြယ်သနိုင်ရန်အတွက် ရုပ်ပုံနှင့်တကွ တင်ဆက်ထားသည့် ဆရာစိုးစံ၏ “ဆေးရောင်လှလှ ခြယ်ကြမယ်” ကဏ္ဍ၊ ကလေးတို့ကိုယ်တိုင် ပါဝင် ရေးဆွဲထားသည့် “ရွှေသွေးတို့လက်ရာ’’ ကဏ္ဍနှင့် လိမ္မာယဉ်ကျေးပြီး ဘဝကို ပျော်ပျော်ရွှင်ရွှင်နှင့် နေထိုင်နိုင်ရန်အတွက် စာပေများကို နေ့စဉ် ဖတ်ရှုရန် လိုအပ်ကြောင်း ရေးဖွဲ့ထားသော “စာပေရေချမ်းစင်” ကဗျာတို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍတွင် Article များဖြစ်သည့် ‘a, an, the ’ တို့၏ အသုံးအနှုန်းများအကြောင်းကို ဆက်လက် တင်ဆက်ထားသည့် “ရွှေသွေးအင်္ဂလိပ်သဒ္ဒါ” ကဏ္ဍတို့ ပါဝင် ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၃၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း-၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။