ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက်ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတေ်၀လျက်ရှိရာ ၂၀၁၈ ခုနှစ်၊ မတ်လ ၃ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၀)၊ အမှတ် (၉) ၌ သူငယ်ချင်းကောင်းဆိုသည်မှာ တစ်ဦးဒုက္ခရောက်ပါက ပစ်မထားဘဲ အချင်းချင်းရိုင်းပင်းကူညီတတ်ကြောင်းကို လေးမျက်နှာ ဇာတ်လမ်းဖြင့် သရုပ်ဖော်တင်ဆက် ထားပါသည်။ သူတစ်ပါးပစ္စည်းကို ခိုးယူပါက အပြစ်ဒဏ်ခံရပုံကို ဖော်ညွှန်းထားသည့် နှစ်မျက်နှာ ဇာတ်လမ်းနှင့် ရန်ပိုင်စိုး၏ ဦးလေး ဟင်းချက်ကောင်းပုံ နှစ်မျက်နှာဟာသ ဇာတ်လမ်းတို့ ပါ၀င်ပါသည်။ ရိုးရိုးလေးတို့ သူငယ်ချင်းများ၏ စကားထာ၀ှက်ပုံ တစ်မျက်နှာဇာတ်လမ်းနှင့် ဖုန်းဖြင့် အမြဲသီချင်းနားထောင်တတ်သော ဖိုးရှုပ်ကို စာအုပ်စာပေများ ဖတ်သင့်ကြောင်းကို ဖော်ညွှန်းထားသည့် မျက်နှာ၀က် ဟာသဇာတ်လမ်းတို့လည်း ပါ၀င်ပါသည်။
မြန်မာစာစကားဝိုင်းကဏ္ဍတွင် ''မေးလို့မကုန်'' ခေါင်းစဉ်ဖြင့် ကလေးတစ်သိုက်က လမ်းတွင်ကြုံ တွေ့ခဲ့ရသော စာလုံးပေါင်းသတ်ပုံအမှားများ အကြောင်းကို ဝိုင်းဖွဲ့ပြောဆိုဟန်နှင့် ပုံပြင်ကဏ္ဍတွင် ကလေးများအနေဖြင့် သူတစ်ပါး၏ ကျေးဇူးသစ္စာကို မသိတတ်ပါက မိမိတွင် ဒုက္ခရောက်ရပုံကို သိရှိမှတ်သားဖွယ် တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးများ ဗဟုသုတတိုးပွားစေရန် မတ်လ အတွင်း ထူးခြားထင်ရှားနေ့ရက်များအကြောင်းကိုလည်း ဖော်ပြပေးထားပါသည်။ ထို့ပြင် ကလေးများပျော်ရွှင်စွာ အရောင်လေးများကို ခြယ်သနိုင်စေမည့် ဆေးရောင်လှလှခြယ်ရအောင် ကဏ္ဍကို ထည့်သွင်း ဖော်ပြထားပါသည်။
ဖတ်မှတ်လေ့လော၀ါဟာရကမ္ဘာကဏ္ဍတွင် ကြိယာအချို့၏ ပြုမူဆောင်ရွက်ပုံတို့ကို လေ့လာ နိုင်မည်ဖြစ်ပြီး ရွှေသွေးစကားဝိုင်းကဏ္ဍတွင် 'Useful Sentence Structures' ခေါင်းစဉ်ဖြင့် ပြောဆိုသုံးနှုန်းပုံအချို့ကို တင်ဆက်ထားပါသည်။ ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် 'Be and have' ၏ အဓိပ္ပာယ်၊ အသုံးအနှုန်းနှင့် သဒ္ဒါစည်းမျဉ်းဆိုင်ရာဝါကျတည်ဆောက်ပုံတို့ကို နမူနာဝါကျများ၊ လေ့ကျင့်ရန် ဝါကျများဖြင့် တင်ဆက်ထားရာ ကလေးတို့၏ အင်္ဂလိပ်စာအခြေခံကို ကောင်းမွန် လာစေမည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁ ၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။