ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက်ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၈ ခုနှစ်၊ မတ်လ ၁၇ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၀)၊ အမှတ် (၁၁) ၌ ကိစ္စတစ်ခုခုကို အတွင်းကျကျ မသိဘဲ အပေါ်ယံအမြင်ဖြင့်သာ ဆုံးဖြတ်ပါက မှာယွင်းနိုင်ကြောင်းကို လေးမျက်နှာ ဇာတ်လမ်းဖြင့် သရုပ်ဖော်တင်ဆက် ထားပါသည်။ ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်နိုင်ကြောင်း ဖော်ညွှန်းထားသည့် နှစ်မျက်နှာဇာတ်လမ်းနှင့် ကိုကွေး၏ ဣန္ဒြေပျက်မှာ စိုးရိမ်တတ်ပုံ နှစ်မျက်နှာဟာသ ဇာတ်လမ်းတို့ ပါ၀င်ပါသည်။ ပေစိ၏ လက်မဝှက်၍ ပြေးပုံ တစ်မျက်နှာဟာသဇာတ်လမ်းနှင့် ကျောက်ပု ပါ၀င်သော မျက်နှာ၀က်ဟာသဇာတ်လမ်းတို့လည်း ပါဝင်ပါသည်။
မြန်မာစာစကားဝိုင်းကဏ္ဍတွင် ''နွေရာသီ လှပန်းချီ'' ခေါင်းစဉ်ဖြင့် စာစီစာကုံးရေးသားပုံ အကြောင်းကို ဝိုင်းဖွဲ့ပြောဆိုဟန်နှင့် ပုံပြင်ကဏ္ဍတွင် ကလေးများအနေဖြင့် လူကြီးသူမတို့၏ ဆိုဆုံးမစကားကို သိရှိမှတ်သားကာ လိုက်နာဆောင်ရွက်သင့်ပုံကို တင်ဆက်ထားပါသည်။ ကလေးများ အသိပညာဗဟုသုတ တိုးပွားစေရန် ဘားအံမြို့ပတ်၀န်းကျင်တစ်ဝိုက်ရှိ ထင်ရှားသော နေရာဒေသများအကြောင်းကို တင်ဆက်ထားပါသည်။
ဖတ်မှတ်လေ့လာဝေါဟာရကမ္ဘာကဏ္ဍတွင် ကြိယာအချို့၏ ပြုမူဆောင်ရွက်ပုံတို့ကို လေ့လာနိုင် မည်ဖြစ်ပြီး ရွှေသွေးစကားဝိုင်းကဏ္ဍတွင် 'Useful Sentence Structures' ခေါင်းစဉ်ဖြင့် ပြောဆိုသုံးနှုန်းပုံအချို့ကို တင်ဆက်ထားပါသည်။ ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် 'be and have' ၏ အဓိပ္ပာယ်၊ အသုံးအနှုန်းနှင့် သဒ္ဒါစည်းမျဉ်းဆိုင်ရာဝါကျတည်ဆောက်ပုံတို့ကို နမူနာဝါကျများ၊ လေ့ကျင့်ရန် ဝါကျများဖြင့် တင်ဆက်ထားရာ ကလေးတို့၏ အင်္ဂလိပ်စာအခြေခံကို ကောင်းမွန်လာ စေမည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁ ၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။