ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် ၁၂ နှစ်အောက် ကလေးများဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ယခုလာမည့် (၁၀-၃-၂၀၁၈) ရက်တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၀) အမှတ် (၁၀) တွင် နိုင်ငံ၏သမိုင်းအမွေအနှစ်များကို ကာကွယ်စောင့်ရှောက်မှသာ ယဉ်ကျေးမှုနှင့် လူမျိုးပါ ရေရှည်တည်တံ့မည်ဖြစ်ကြောင်း သရုပ်ဖော် တင်ဆက်ထားသည့် မျက်နှာဖုံးဇာတ်လမ်း၊ ကန်သာယာရွာ၏ ရေကန်ကြီးမခန်းခြောက်အောင် စုပေါင်းလုပ်ဆောင်ကြပုံ နှစ်မျက်နှာဇာတ်လမ်း၊ ပူးပုံပါ၀င်သောကြက်ဥသူဌေး နှစ်မျက်နှာဟာသဇာတ်လမ်း၊ ကြားချင်တာပဲကြားတတ်တဲ့နား တစ်မျက်နှာဟာသဇာတ်လမ်းတို့ ပါ၀င်ပါသည်။
သုတကဏ္ဍတွင် ပူပြင်းသောနေရောင်ခြည်အောက်၌ လန်းဆန်းဖြော၀နေသော သစ်ရွက်လေးများ အကြောင်းကို ဆောင်းပါးအနေဖြင့်ရေးသားထားပြီး ရသကဏ္ဍတွင် ဥယျာဉ်ခြံမြေတစ်ခု၏ ရေမြေသဘာ၀ပတ်၀န်းကျင်ကို လေ့လာခွင့်ရ၍ ကျေနပ်ပျော်ရွှင်နေပုံကို ကလေး၀တ္ထုအနေဖြင့် ဖွဲ့နွဲ့ တင်ဆက် ထားပါသည်။ အထူးကဏ္ဍအနေဖြင့် ပြည်သူပြည်သားများစောင့်ထိန်းအပ်သည်တို့ကို လမ်းညွှန်ထားသည့် ပြည်သူ့နီတိနှင့် လောကလူသားတို့ လိုက်နာ အပ်သည့် လမ်းညွှန်ချက်များ ဖြစ်သည့် လောကနီတိတို့ကို ဖတ်ရှုရမည်ဖြစ်သည်။ ဘာပုံလေးဖြစ်မလဲကဏ္ဍတွင် အမှတ်စက်များကို ဆက်ဆွဲလျှင် တွေ့ရမည့် ရေသတ္တဝါ တစ်ကောင်ပုံကို သရုပ်ဖော်ထားပါသည်။
ကလေးတို့၏ အင်္ဂလိပ်စာအရည်အသွေးတိုးတက်စေရန် ယခုတစ်ပတ်တွင် ဖတ်မှတ်လေ့လာ ဝေါဟာရကမ္ဘာကဏ္ဍ၌ ရာသီဥတုကိုဖော်ညွှန်းသည့် အသုံးအနှုန်းအချို့၏အမည်များကို ရုပ်ပုံနှင့် တကွဖော်ပြပေးထားပါသည်။ ရွှေသွေးစကားဝိုင်းကဏ္ဍတွင် နေ့စဉ်ပြောလေ့ပြောထရှိသည့် စကား အသုံးအနှုန်းအချို့၏ ဝါကျပုံစံများကို ပုံသေကျက်မှတ်ရန်နှင့် အစားထိုးပြောဆိုရန်ဟူ၍ စိတ်၀င်စားဖွယ်တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာနှင့်စကားကို ခြေခြေမြစ်မြစ် နားလည် တတ်ကျွမ်းစေမည့် ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် basic level အနေဖြင့် be and have ကို နမူနာ ဝါကျများ၊ ရှင်းလင်းချက် များ၊ လေ့ကျင့်ရန်ဝါကျများဖြင့် စုံစုံလင်လင်တင်ဆက်ထားရာ ကလေးများ အကြိုက်တွေ့မည်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ် နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။