ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ၂၀၂၂ ခုနှစ် အတွက် စာပေဗိမာန်စာမူဆု၊ ဝတ္ထုရှည် ပထမဆုရရှိသည့် စာရေးသူ တက္ကသိုလ်မြမဉ္ဇူ၏ ‘တောင်ဇလပ်ပန်းတို့ လန်းပါစေ’ စာအုပ်ကို ဖြန့်ချိ ရောင်းချလျက်ရှိသည်။
ယင်းစာအုပ်တွင် ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် အလုပ်တာဝန်ဖြင့်ရောက်ရှိနေသော အရာရှိ ဦးကျော်ဆွေထံသို့ မိသားစုကအတူနေရန် ရန်ကုန်မြို့မှ လိုက်လာကြရာ ဆိုးရွားလှသည့် ရာသီဥတုဒဏ်၊ ဘာသာစကား အခက်အခဲမှစ၍ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အားလုံးလွန်စွာအဆင်မပြေ ဖြစ်ကြရသည်မို့ ကလေးများ၏ နောင်ရေးကို ငဲ့ကွက်၍ ဒေါ်ကေသီတို့ သားအမိလေးဦး ရန်ကုန်မြို့သို့ ပြန်လာကြရပုံ၊ ထိုစဉ် ဦးကျော်ဆွေက တိုင်းရင်းသူလေးတစ်ဦးနှင့် သိကျွမ်းရင်းနှီးပြီး ငြိစွန်းသွားကြပုံ၊ ဒေါ်ကေသီမှာ ရင့်ကျက်တည်ငြိမ်သော အမျိုးသမီးပီပီ အရာရာကိုချင့်ချိန်စဉ်းစားပြီး အိမ်ထောင်ရေး ကိုလည်း အပြိုလဲမခံ၊ တစ်ဖက်မိန်းကလေးကိုလည်း မထိခိုက်စေဘဲ နောက်ဆုံးတွင် ခင်ပွန်းသည်ကို ပြန်လည်ထိန်းသိမ်းနိုင်ခဲ့ပုံ၊ ငယ်စဉ်က ပညာတော်၍ ထက်မြက်သော သူတို့၏ သမီးကြီးက အရွယ်ရောက်လာသည်နှင့် ပြောဆိုဆုံးမ၍မရအောင်ဆိုးမိုက်ပြီး မိခင်အတန်တန်တားနေသည့်ကြားမှ လူပျင်း၊ လူဖျင်းတစ်ဦးနှင့် လိုက်ပြေးခဲ့ပုံ၊ တာဝန်မဲ့ယောကျ်ားကြောင့် သမီး၏ အိမ်ထောင်သက် တစ်လျှောက်လုံး ဒုက္ခအမျိုးမျိုးရောက်ရပုံ၊ သမီးအရွယ် မိန်းမငယ်တစ်ဦးနှင့် မှောက်မှားခဲ့ဖူးသော ဦးကျော်ဆွေမှာ မိမိသမီးအဖြစ်ကိုကြည့်ပြီး ရင်နာရပုံတို့ကို သရုပ်ဖော် ရေးသားထားသည်။
အိမ်ထောင်သည်ဘဝတွင် ကြုံတွေ့နိုင်သော အကြောင်းခြင်းရာများနှင့်အတူ ဆင်ခြင်ရန်၊ ထိန်းသိမ်းရန်၊ စောင့်စည်းရန်ကျင့်ဝတ်များကိုလည်း သွယ်ဝိုက်၍ အသိပေးထားသည်။ မြန်မာ့ ယဉ်ကျေးမှုနှင့် မြန်မာလူမှုအသိုင်းအဝိုင်းအတွက် အရေးကြီးသောအခန်းကဏ္ဍဖြစ်သည့် အိမ်ထောင်ရေး ပညာပေး ဝတ္ထုတစ်ပုဒ်ဖြစ်သည်။
အဆိုပါစာအုပ်ကို ရောင်းဈေး (၂၅ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။