ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေတစ်သက်တာဆု ပခုက္ကူစာပေဆုနှင့် ပညာရည်ချွန်ဆု ဆုချီးမြှင့်ပွဲ အခမ်းအနားကို ရန်ကုန်မြို့ ကုန်သည်လမ်းနှင့် ၃၇ လမ်းထောင့်ရှိ စာပေဗိမာန်ရုံး၌ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ (၂) ရက်နေ့ နံနက် ၉ : ၀၀ နာရီတွင် ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကိုယ်စား ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ စာပေပညာရှင်ကြီးများ၊ စာရေးဆရာများ၊ စာပေလောကသားများနှင့် ဖိတ်ကြား ထားသူ များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးအောင်မျိုးမြင့်က အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံ စာရေးဆရာ အသင်းဥက္ကဋ္ဌ၊ ပခုက္ကူစာပေဆု ရန်ပုံငွေ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်း (ဆရာမနုဿကျော်ဝင်း) က အမှာစကားပြောကြားပြီးနောက် တာဝန်ရှိသူများက ပခုက္ကူစာပေတစ်သက်တာဆု၊ ပခုက္ကူစာပေဆု၊ ပခုက္ကူဦးအုံးဖေ စာကြည့်တိုက် စာအုပ်ဆုနှင့် ၂၀၁၆ ခုနှစ်အတွက် အမျိုးသား ယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ် ပညာသင်ဆုနှင့် မြန်မာစာထူးချွန်ဆုရ ကျောင်းသားကျောင်းသူများ၊ ပခုက္ကူဦးအုံးဖေ ပညာရည်ချွန်ဆုရ ကျောင်းသားကျောင်းသူများအား ဆုချီးမြှင့်ခဲ့ပါသည်။
ထို့နောက် စာပေဆုအလှူရှင် ပခုက္ကူဦးအုံးဖေကိုယ်စား ပခုက္ကူဦးအုံးဖေ စာကြည့်တိုက်ကော်မတီ ဥက္ကဋ္ဌ ဦးတင့်ဆွေက ကျေးဇူးတင်စကားပြောကြားပြီး တစ်သက်တာစာပေဆုရ ဆရာကြီး တောသားကြီးလူနိုင်က ဆုရရှိသူများကိုယ်စား ကျေးဇူးတင် စကားပြန်လည်ပြောကြားကာ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးပြီး ဆုပေးပွဲအခမ်းအနားကို နံနက် ၁၁ : ၀၀ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်းသိရသည်။