၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် အတည်ပြုအဆင့် စိစစ် ရွေးချယ်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ရာ ပြဇာတ်စာပေ အတွက် အတည်ပြု အဆင့် အစည်းအဝေးကို ၂၀၁၇ ခုနှစ် ဩဂုတ်လ ၈ ရက် နေ့လယ် ၂: ၀၀ နာရီက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ ပြဇာတ်စာပေ ဘာသာရပ် စိစစ်ရွေးချယ်ရေးအဖွဲ့ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးရဲထွဋ် (သန်လျင်မောင်ဝင်းဝါ)၊ ဒေါ်ခင်သန်းဝင်း (ကြူကြူသင်း)၊ ဦးသန်းအုန်း (မောင်ဇေယျာ)၊ ဦးကြည်ဝင်း (လောကအမွန်) တို့ တက်ရောက်ကြပြီး ဦးကြည်စိုးထွန်း (ကြည်စိုးထွန်း)၊ ဦးမျိုးအောင် (ငြိမ်းမင်း) တို့က ခွင့်ပန်ခဲ့သည်။
အစည်းအဝေးတွင် ပေးပို့လာသည့် ၂၀၁၆ ခုနှစ်အတွင်း ထုတ်ဝေခဲ့သော ပြဇာတ်စာပေ ဘာသာရပ် ဆိုင်ရာ စာအုပ်များ အတည်ပြုအဆင့် စိစစ်ဖတ်ရှုနေမှု အခြေအနေကို တက်ရောက်လာသူများက ဆွေးနွေးကြကြောင်း သိရသည်။
၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေဆုများ စိစစ်ရွေးချယ်ရာတွင် ယခင်နှစ်ကကဲ့သို့ပင် ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်နှင့် အတည်ပြုရွေးချယ်သည့် အဆင့်ဟူ၍ အဆင့်သုံးဆင့်ဖြင့် စနစ်တကျ ရွေးချယ်လျက်ရှိကြောင်း သတင်းရရှိသည်။