၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုချီးမြှင့်ပွဲ အခမ်းအနားကို ၃၀.၁၁.၂၀၁၆ ရက် နံနက် ၉ နာရီတွင် မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတဦးမြင့်ဆွေ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ စာပေပညာရှင်များ၊ စာပေဆုရပုဂ္ဂိုလ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။
ဆုပေးပွဲအခမ်းအနားတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတက မိန့်ခွန်း မြွက်ကြားခဲ့ပါသည်။ ထို့နောက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုရရှိသူများကို ဒုတိယသမ္မတနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြပါသည်။ ယခုနှစ်တွင် အမျိုးသားစာပေတစ်သက်တာဆု ၂ ဦး၊ အမျိုးသားစာပေဆု ၁၁ ဦး၊ စာပေဗိမာန်စာမူဆု ၃၃ ဦးချီးမြှင့်နိုင်ခဲ့ပါသည်။ ဆုရရှိသူများကိုယ်စား အမျိုးသားစာပေ တစ်သက်တာဆုရှင် ဆရာကြီးဦးတင်ခ (တက္ကသိုလ်တင်ခ) က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ ထို့နောက် ဆုချီးမြှင့်ပေး ခဲ့သော အကြီးအကဲများနှင့် ဆုရသူများ အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးကြပြီး ဧည့်ပရိသတ်များကို နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံခဲ့ပါသည်။
ဆုချီးမြှင့်ငွေများမှာ တစ်သက်တာစာပေဆု ငွေကျပ် ၂၅ သိန်း၊ အမျိုးသားစာပေဆု ငွေကျပ် ၁၅ သိန်း၊ စာပေဗိမာန်စာမူဆု ပထမဆုငွေကျပ် ၇ သိန်း၊ ဒုတိယဆု ငွေကျပ် ၅ သိန်း၊ တတိယဆု ငွေကျပ် ၃ သိန်း ဖြစ်ကြောင်း သိရှိရပါသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာစာပေဆုရရှိသူ ဆရာကြီး ၂ ဦးကို တစ်ဦးလျှင် ငွေကျပ် ၁၅ သိန်း ထပ်မံ ချီးမြှင့်ခဲ့ပါသည်။