ပြန်ကြားရေးဝန်ကြီးဌာန၊အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် မြန်မာစာပေ အကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်တာလုံး အားထုတ်ရေးသားပြုစုခဲ့သော ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ် ပြုသောအားဖြင့် စာရေးဆရာကြီး တင်မောင်မြင့်နှင့်စာပေပညာရှင်ဆရာကြီး ဦးထွန်းအောင်ချိန်တို့အား ၂၀၁၈ ခုနှစ် အတွက် အမျိုးသားစာပေတစ်သက်တာဆုရှင်များအဖြစ် ရွေးချယ်ချီးမြှင့်လိုက်သည်။
ထိုနည်းတူ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီသည် ၂၀၁၈ ခုနှစ်အတွင်း ပထမအကြိမ် ထုတ်ဝေခဲ့သည့် စာအုပ်များကို စိစစ်ရွေးချယ်ခဲ့ပြီး အမျိုးသားစာပေဆု ချီးမြှင့်ရန် ရွေးချယ်ခံရသော စာအုပ်များနှင့် စာရေးဆရာများ၏ အမည်စာရင်းကို ယနေ့ထုတ်ပြန် ကြေညာသည်။
ဝတ္ထုရှည်ဆုတွင် ဂျူး ရေးသားသည့် သက်တံတို့ဖြင့်ရက်ဖွဲ့ ချစ်သူရဲ့ခြုံလွှာစာအုပ် (ဂျူးစာ ပေတိုက်) ဝတ္ထုတိုဆုတွင် မြစ်ကျိုးအင်း ရေးသားသည့် မျှော်လင့်ခြင်းကို မျှားတဲ့ညနေ စာအုပ် (မဟာစာပေတိုက်)၊ ကဗျာဆုတွင် ကိုသန်းထွန်းရေးသားသည့် ညဉ့်ပုံပြောသူ စာအုပ် (နှစ်ကာလများ စာပေတိုက်)၊ စာပဒေသာဆုတွင် မသန်းသန်း (မန်းတက္ကသိုလ်) ရေးသားသည့် လေးမြိုင်၊ စာပေသတ္တိဖြင့် ရှင်သန်သူစာအုပ် (Wisdom House စာပေတိုက်)၊ ဘာသာပြန်(ရသ)ဆုတွင် ဝေယံဘုန်းရေးသားသည့် မိစ္ဆာကျွန်းစာအုပ် (ကံ့ကော်ဝတ်ရည်စာပေတိုက်)၊ သုတပဒေသာ (ဝိဇ္ဇာ) ဆုတွင် မြဝင်း(ဒဿန) ရေးသားသည့် ဇော်ဂျီ၏ရသပညာစာအုပ် (ပဉ္စဂံစာပေတိုက်)၊ သုတပဒေသာ (အသုံးချသိပ္ပံ)ဆုတွင် မောင်ကျေးရေ(ဦ:မြင့်သိန်း)ရေးသားသည့် မြေအောက်ရေနှင့် ရေအရေး စာစုများစာအုပ် (စိတ်ကူးချိုချိုစာပေတိုက်)၊ နိုင်ငံရေးစာပေဆုတွင် အောင်မြင့်ဦး (မဟာဝိဇ္ဇာ) ရေးသားသည့် မြန်မာ့နိုင်ငံရေးသမိုင်းထဲက ပြည်သူ့ရဲဘော်စာအုပ် (လောကသစ်စာပေတိုက်)၊ အင်္ဂလိပ်ဘာသာ(သုတ)ဆုတွင် Kyaw Zwa Moe ရေးသားသည့် The Cell, Exile and The New Burma စာအုပ် (New Myanmar Publishing House စာပေတိုက်)၊ ရသစာတမ်း (အက်ဆေး)ဆု တွင် မင်းချမ်းမွန်ရေးသားသည့် သစ်ရွက်ပေါ်က ပျားရည်စက်များ ရသအက်ဆေး စုစည်းမှုစာအုပ် (ရှင်မတောင်စာပေတိုက်)တို့ကို ဆုချီးမြှင့်ကြောင်း ကြေညာသည်။
အမျိုးသားစာပေ တစ်သက်တာဆုကို တစ်ဦးလျှင် ငွေကျပ် ၅၀ သိန်းချီးမြှင့်မည်ဖြစ်ပြီး အမျိုးသားစာပေဆုများကို တစ်ဆုလျှင် ငွေကျပ် ၂၅ သိန်း ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီကို စာပေပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် ပုံနှိပ်ရေးနှင့် စာအုပ် ထုတ်ဝေရေးလောကမှ အတွေ့အကြုံရှိသူများ ပါဝင်သော ပုဂ္ဂိုလ် (၅၄)ဦးဖြင့် ဖွဲ့စည်းထားပြီး သက်ဆိုင်ရာ ဘာသာရပ်အလိုက်ခွဲခြားကာ ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်၊ အတည်ပြုအဆင့်ဟူသော အဆင့်သုံးဆင့်ဖြင့် စနစ်တကျ စိစစ်ရွေးချယ်ခဲ့ကြသည်။
ဆုရရှိသူများသည် ရန်ကုန်မြို့ အမှတ် (၅၂၉၊ ၅၃၁)၊ ကုန်သည်လမ်း၊ စာပေဗိမာန်ရှိ စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီ တယ်လီဖုန်းအမှတ် ၀၁-၃၈၁၄၄၉ သို့ အမြန်ဆုံး ဆက်သွယ်ကြရန်နှင့် (၅ x ၈)လက်မ ရောင်စုံဓာတ်ပုံ နှစ်ပုံနှင့်ပတ်စပို့အရွယ် ရောင်စုံဓာတ်ပုံ နှစ်ပုံစီကို ကိုယ်ရေးရာဇဝင်အကျဉ်းချုပ်နှင့်တကွ (ကြေညာသည့်ရက်မှ တစ်ပတ်အတွင်း) ပေးပို့ရန် နှိုးဆော် ထားကြောင်း သိရသည်။
အဆိုပါဆုများကို ၂၇-၁၁-၂၀၁၉ ရက် (ဗုဒ္ဓဟူးနေ့)တွင် Sule Shangri-La Hotel ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်မည့် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုများ ချီးမြှင့်ပွဲ အခမ်းအနားတွင် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
စာပေဗိမာန်စာမူဆု
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ကြီးမှူး ကျင်းပသည့် ၂၀၁၈ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ဆုရရှိသော စာမူများနှင့် စာရေးဆရာများ၏ အမည်စာရင်းကို စာပေဗိမာန်စာမူဆုစိစစ်ရွေးချယ်ရေး အဖွဲ့က ယနေ့ထုတ်ပြန် ကြေညာသည်။
ဝတ္ထုရှည်ဆုတွင် ပထမဆုကို ကေ (တောင်တန်းပြာ) ၏ သစ္စာရင်နှင့် ခြားခဲ့ရသောမြေ၊ ဒုတိယဆုကို ယွန်းမြတ်မွှန်းသျှန်၏ ရေဆာတဲ့မြစ်၊ တတိယဆုကို မောင်နေခြည်(ပြည်) ၏ သူတို့လောက သူတို့ဘ၀ စာမူများက ရရှိကြသည်။
ဝတ္ထုတိုပေါင်းချုပ်ဆု တွင် ပထမဆုကို သုတိဩဘာ(ဆင်ပေါင်ဝဲ)၏ တစ်ဆုပ်ဆန်ကျောင်း အပါအဝင် အခြား၀တ္ထုတိုများ၊ ဒုတိယဆုကို နေစိုးသော်၏ အဝိဇ္ဇာ၀တ္ထုတို ပေါင်းချုပ်၊ တတိယဆုကို ကျိုက်စကော ခင်စိုး၏ မငိုပါနဲ့အမေရယ်နှင့် အခြား၀တ္ထုတိုများက ရရှိကြသည်။
ကဗျာပေါင်းချုပ်ဆုတွင် ပထမဆုကို မောင်ဟန်တင့်(ပင်လည်ဘူး)၏ စိန်စီသောမြစ်နှင့် အခြားကဗျာများ၊ ဒုတိယဆုကို ခက်လှိုင်းကျော်၏ ညဉ့်သုံးယံခါ အလင်္ကာကဗျာများ၊ တတိယဆုကို အထဝါစိုး(မန္တလေး)၏ စာပွင့်ဝတ်မှုန်ကဗျာ စာမူများက ရရှိကြသည်။
သုတပဒေသာ(ဝိဇ္ဇာ)ဆုတွင် ဒုတိယဆုကို မေမြန်မာ၏ နာမည်နှင့် မြန်မာ၊ တတိယဆုကို မောင်ခွန်နွယ်(အင်းလေး)၏ တော်ဝင်လက်ဖက် နတ်သစ်ရွက်က ရရှိကြသည်။
သုတပဒေသာ(သိပ္ပံ)ဆုတွင် ပထမဆုကို ကိုတူး (သာယာမြိုင်) ၏ ပိုးဇာပုံနှိပ်လုပ်ငန်း အသက်မွေးဝမ်းကျောင်းအတတ်ပညာ၊ တတိယဆုကို မောင်အောင်(မွေးကု)(စာပေဗိမာန်စာမူဆုရ)၏ ကျေးလက်စီးပွား တိုးတက်ရေး ကျွဲ၊ နွား၊ ကြက်၊ ဝက် တိုးချဲ့မွေး စာမူများက ရရှိကြသည်။
စာပေဒေသာဆုတွင် ပထမဆုကို ထက်ခိုင်၏ စေတနာလမ်းက လျှောက်ခဲ့ပါ၊ ဒုတိယဆုကို မင်းသျှင်အောင် (တွံတေး)၏ ရာမဇာတ်ထဲက ရေကျော်မောင်မောင်၊ တတိယဆုကို နေအောင်သူ (ကနီ)၏ ကနီခရီးသည် စာမူများက ရရှိကြသည်။
မြန်မာ့ယဉ်ကျေးမှုနှင့်အနုပညာဆိုင်ရာစာပေဆုတွင် ဒုတိယဆုကို ဇော်လွင်ဦး (ဟင်္သာတ)၏ ထနော့က ရရှိသည်။
ကလေးစာပေဆုတွင် ပထမဆုကို မောင်လွန်းမြိုင် (ပင်လယ်ဘူး)၏ ဝလုံးစောင်းစောင်း ပန်းပေါင်းကုဋေ ကလေးကဗျာများ၊ ဒုတိယဆုကို ပုလောစိုးနံ့သာ၏ သားစုဘူးကလေး ကဗျာများ၊ တတိယဆုကို ညွန့်ဝင်း (နတ်တလင်း)၏ တတ်သိလိမ္မာ ရင်သွေးရတနာ ကလေးဝတ္ထုတိုများက ရရှိကြသည်။
လူငယ်စာပေဆုတွင် ဒုတိယဆုကို တင်လင်းဇော်၏ အညတရကျွန်တော်၊ တတိယဆုကို နိုက်၏ သမီးနှင့်သားသို့ပေးစာများက ရရှိကြသည်။
ပြဇာတ်စာပေဆုတွင် ဒုတိယဆုကို ငွေလမင်း (မကွေး)၏ နေကောင်းပါတယ်၊ တတိယဆုကို မောင်လွယ်အိတ်၏ ခေတ်သစ်ဂေါတမီ စာမူများက ရရှိကြသည်။
စာပေဗိမာန်စာမူဆုများကို ပထမဆု ဆယ်သိန်း၊ ဒုတိယဆု ခုနစ်သိန်း၊ တတိယဆု ငါးသိန်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့ကို စာပေပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး လောကမှ အတွေ့အကြုံရှိသူများ ပါဝင် သော ပုဂ္ဂိုလ် (၂၇)ဦးဖြင့် ဖွဲ့စည်းထားပြီး ၂၀၁၈ ခုနှစ်အတွက် ပြိုင်ပွဲသို့ တင်သွင်းလာသော စာမူ (၂၄၈)ခုကို သက်ဆိုင်ရာ ဘာသာရပ်အလိုက်ခွဲခြားပြီး ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်၊ အတည်ပြု အဆင့်ဟူသော အဆင့်သုံးဆင့်ဖြင့် စနစ်တကျစိစစ်ရွေးချယ်ခဲ့ကြသည်။
ဆုရရှိသူများသည် ရန်ကုန်မြို့ အမှတ် (၅၂၉၊ ၅၃၁)၊ ကုန်သည်လမ်း၊ စာပေဗိမာန်ရှိ စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီ တယ်လီဖုန်းအမှတ် ၀၁-၃၈၁၄၄၉ သို့ အမြန်ဆုံး ဆက်သွယ်ကြရန်နှင့် (၅ x ၈)လက်မ ရောင်စုံဓာတ်ပုံ နှစ်ပုံနှင့်ပတ်စပို့အရွယ် ရောင်စုံဓာတ်ပုံ နှစ်ပုံစီ ကို ကိုယ်ရေးရာဇဝင်အကျဉ်းချုပ်နှင့်အတူ (ကြေညာသည့်ရက်မှ တစ်ပတ်အတွင်း) ပေးပို့ရန် နှိုးဆော်ထားကြောင်း သိရသည်။
အဆိုပါဆုများကို ၂၇-၁၁-၂၀၁၉ ရက် (ဗုဒ္ဓဟူးနေ့)တွင် Sule Shangri-La Hotel ရန်ကုန်မြို့တွင် ကျင်းပမည့် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန် စာမူဆုများ ချီးမြှင့်ပွဲ အခမ်းအနားတွင် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။