၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် စိစစ်ရွေးချယ်ခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ရာ ဘာသာပြန် (သုတ/ရသ) ဘာသာရပ်အတွက် (အတည်ပြုအဆင့်) အစည်းအဝေးကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၈ ရက် နံနက် ၁၁ : ၀၀ နာရီက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ ဘာသာပြန် (သုတ/ရသ) ဘာသာရပ် စိစစ်ရွေးချယ်ရေး ကော်မတီဝင်များ ဖြစ်ကြသည့် ဦးခင်မောင်စိုး (မောင်ပေါ်ထွန်း)၊ ဦးမောင်မောင်ဦး (ဟိန်းလတ်)၊ ဦးခင်မောင်စိုး (မောင်သာမည)၊ ဒေါက်တာအောင်ကြီး၊ ဦးမြင့်စိုး (မြင့်စိုးလှိုင်)၊ ဦးသန်းအုန်း (မောင်ဇေယျာ)၊ ဦးကြည်ဝင်း (လောကအမွန်) တို့ တက်ရောက်ခဲ့ကြပြီး ဦးဝင်းငြိမ်း (ဝင်းငြိမ်း)၊ ဦးကျော်နိုင် (ထက်မြက်) တို့က ခွင့်ပန်ခဲ့ကြသည်။
အစည်းအဝေးတွင် ၂၀၁၈ ခုနှစ်အတွင်း ထုတ်ဝေခဲ့သော ဘာသာပြန် (သုတ/ရသ) ဘာသာရပ်ဆိုင်ရာ စာအုပ်များအနက် ပေးပို့လာသည့်စာအုပ်များကို (အတည်ပြုအဆင့်) စိစစ်ဖတ်ရှုနေမှု အခြေအနေများ နှင့် ပတ်သက်၍ တက်ရောက်လာသူများက ဆွေးနွေးကြကြောင်း သိရသည်။
၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေဆုများ စိစစ်ရွေးချယ်ရာတွင် ယခင်နှစ်ကကဲ့သို့ပင် ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်နှင့် အတည်ပြုရွေးချယ်သည့် အဆင့်ဟူ၍ အဆင့်သုံးဆင့်ဖြင့် စနစ်တကျ ရွေးချယ်လျက်ရှိကြောင်း သိရသည်။