၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် စိစစ်ရွေးချယ်ခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ရာ ကဗျာပေါင်းချုပ် ဘာသာရပ်အတွက် (ဆန်ခါတင်အဆင့်) အစည်းအဝေး ကို ၂၀၁၉ ခုနှစ် ဩဂုတ်လ ၃၀ ရက် နံနက် ၁၀ : ၀၀ နာရီက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ ကဗျာပေါင်းချုပ် ဘာသာရပ် စိစစ်ရွေးချယ်ရေး ကော်မတီဝင်များ ဖြစ်ကြသည့် ဦးဌေးဝင်း (မောင်လင်းရိပ်)၊ ဦးညီညီ (မောင်ပြည့်မင်း)၊ ဦးမင်းဆန်းဦး (မင်းထက်မောင်)၊ ဦးမြဝင်း (မြဝင်း-ဒဿန)၊ ဦးမြင့်စိုး (မြင့်စိုးလှိုင်)၊ ဒေါက်တာအောင်ကြီး၊ ဦးကြည်ဝင်း (လောကအမွန်)၊ ဦးသန်းအုန်း (မောင်ဇေယျာ) တို့ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ၂၀၁၈ ခုနှစ်အတွင်း ထုတ်ဝေခဲ့သော ကဗျာပေါင်းချုပ် ဘာသာရပ်ဆိုင်ရာ စာအုပ်များအနက် ပေးပို့လာသည့်စာအုပ်များကို (ဆန်ခါတင်အဆင့်) စိစစ်ဖတ်ရှုနေမှု အခြေအနေများ နှင့် ပတ်သက်၍ တက်ရောက်လာသူများက ဆွေးနွေးကြကြောင်း သိရသည်။
၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေဆုများ စိစစ်ရွေးချယ်ရာတွင် ယခင်နှစ်ကကဲ့သို့ပင် ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်နှင့် အတည်ပြုရွေးချယ်သည့် အဆင့်ဟူ၍ အဆင့်သုံးဆင့်ဖြင့် စနစ်တကျ ရွေးချယ်လျက်ရှိကြောင်း သိရသည်။