၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် အတည်ပြုအဆင့် စိစစ် ရွေးချယ်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ရာ ဘာသာပြန်စာပေ အတွက် အတည်ပြု အဆင့် အစည်းအဝေးကို ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၂၇ ရက် နံနက် ၁၁: ၀၀ နာရီက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ ဘာသာပြန်စာပေ ဘာသာရပ် စိစစ်ရွေးချယ်ရေးအဖွဲ့ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးမောင်လှိုင် (မောင်ဆွေငယ်)၊ ဦးခင်မောင်စိုး (မောင်ပေါ်ထွန်း)၊ ဦးစိုးမြင့် (စိုးလွင်မြင့်)၊ ဦးအောင်သန်း (မင်းခန့်ရွှေ) တို့ တက်ရောက်ကြပြီး ဦးပါ (ဇင်သန့်)၊ ဦးခင်မောင်အေး (KMA)၊ ဦးမောင်မောင် (ကြည်ရွှန်း)၊ ဦးမောင်မောင်ဦး (ဟိန်းလတ်) တို့က ခွင့်ပန်ခဲ့ကြသည်။
အစည်းအဝေးတွင် ပေးပို့လာသည့် ၂၀၁၅ ခုနှစ်အတွင်း ထုတ်ဝေခဲ့သော ဘာသာပြန်စာပေ ဘာသာရပ်ဆိုင်ရာ စာအုပ်များ အတည်ပြုအဆင့် စိစစ်ဖတ်ရှုနေမှု အခြေအနေကို တက်ရောက်လာသူများက ဆွေးနွေးကြကြောင်း သိရသည်။
၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆုများ စိစစ်ရွေးချယ်ရာတွင် ယခင်နှစ်ကကဲ့သို့ပင် ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်နှင့် အတည်ပြုရွေးချယ်သည့်အဆင့်ဟူ၍ အဆင့်သုံးဆင့်ဖြင့် စနစ်တကျ ရွေးချယ်သွားမည်ဟု သတင်းရရှိသည်။