စာပေဗိမာန်က ဦးစီး၍ ကလေးစာပေနှီးနှောဖလှယ်ပွဲကို ၁၉၆၅ ခုနှစ် စက်တင်ဘာလ ၁၆ ရက်မှ ၂၀ ရက်အထိ ပထမဆုံး ကျင်းပခဲ့ပါသည်။ ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် “ကလေးစာပေ နှီးနှောဖလှယ်ပွဲ” ကျင်းပခဲ့သည်မှာ နှစ် (၅၀) ပြည့် ရွှေရတုကို ရောက်ခဲ့ပြီဖြစ်ပါသည်။ ထို့ကြောင့် ကလေး စာပေနှီးနှော ဖလှယ်ပွဲကျင်းပခဲ့သည့်ရက်၊ လ တို့နှင့် ကိုက်ညီစွာ ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၁၉ ရက်တွင် ပြည်လမ်းရှိ မြန်မာ့အသံ စတူဒီယို (A) ခန်းမ၌ ကလေးစာပေ နှီးနှောဖလှယ်ပွဲ နှစ် (၅၀) ပြည့် ရွှေရတု အထိမ်းအမှတ် စာပေဗိမာန် စာပေဟောပြောပွဲ (ကလေးစာပေ) ကို ကျင်းပခဲ့ပါသည်။
ဟောပြောပွဲတွင် ဒေါက်တာ ခင်အေး (မောင်ခင်မင်-ဓနုဖြူ) က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး မောင်ယဉ်မှူးက “တိမ်ကောနေတဲ့ ကလေးကဗျာများ”၊ တက္ကသိုလ် မောင်အောင်ဆွေက “ကလေး၀တ္ထု ဘယ်လိုရေးမလဲ”၊ သူရဇော်က “ရွှေရတုတိုင်ခဲ့ပြီဖြစ်သည့် ကလေးစာပေလမ်းကြောင်း” ခေါင်းစဉ်ဖြင့် အသီးသီး ဟောပြောခဲ့ကြပါသည်။
ဟောပြောပွဲသို့ မြန်မာနိုင်ငံ စာရေးဆရာအသင်းဥက္ကဋ္ဌ စည်သူဦးတင်လှိုင်နှင့် ဗဟိုအလုပ် အမှုဆောင်များ၊ ဖိတ်ကြားထားသော စာပေပညာရှင်များနှင့် ရန်ကုန် ပညာရေးတက္ကသိုလ် လေ့ကျင့်ရေး အထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူ (၈၀) အပါအဝင် စုစုပေါင်း (၁၅၀) ကျော် တက်ရောက် အားပေးခဲ့ကြပါသည်။