၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန် စာမူဆုချီးမြှင့်ပွဲ အခမ်းအနားကို ၁၉.၁၁.၂၀၁၇ ရက် နံနက် ၉ နာရီတွင် မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၌ ကျင်းပခဲ့ပါ သည်။
အခမ်းအနားသို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတဦးမြင့်ဆွေ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး နိုင်သက်လွင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများ စာပေပညာရှင်များ၊ စာပေဆုရပုဂ္ဂိုလ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။
ဆုပေးပွဲအခမ်းအနားတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတက မိန့်ခွန်း မြွက်ကြားခဲ့ပါသည်။ ထို့နောက် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုရရှိသူများကို ဒုတိယသမ္မတနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြပါသည်။ ယခုနှစ်တွင် အမျိုးသားစာပေတစ်သက်တာဆု ၃ ဦး၊ အမျိုးသားစာပေဆု ၁၀ ဦး၊ စာပေဗိမာန်စာမူဆု ၂၆ ဦးချီးမြှင့်နိုင်ခဲ့ပါသည်။ ဆုရရှိသူများကိုယ်စား အမျိုးသား စာပေ တစ်သက်တာဆုရှင် ဆရာကြီးဦးသာနိုး (မောင်သာနိုး) က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပါသည်။ ထို့နောက် ဆုချီးမြှင့်ပေးခဲ့သော အကြီးအကဲ များနှင့် ဆုရသူများ အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပြီး ဧည့်ပရိသတ်များကို နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံခဲ့ပါသည်။