၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် စိစစ်ရွေးချယ်ခြင်းလုပ်ငန်း များကို စတင်ဆောင်ရွက်နေပြီဖြစ်ရာ ၀တ္ထုရှည် ဘာသာရပ် အတွက် ဆန်ခါတင်အဆင့် အစည်းအဝေးကို ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၂ ရက် နံနက် ၁၁ : ၀၀ နာရီက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ ၀တ္ထုရှည် ဘာသာရပ် စိစစ်ရွေးချယ်ရေး ကော်မတီဝင်များ ဖြစ်ကြသည့် ဦးတင်လှိုင် (လယ်တွင်းသားစောချစ်)၊ ဦးဝင်းငြိမ်း (ဝင်းငြိမ်း)၊ ဦးတင်မောင်ဝင်း (လေးကိုတင်)၊ ဒေါ်ချိုချိုတင် (မစန္ဒာ)၊ ဒေါ်ဌေးဌေးမြင့် (ခင်မြဇင်)၊ ဦးတင့်ခိုင် (တင့်ခိုင်)၊ ဦးဇော်လင်း (လင်းအေး)၊ ဦးသန်းအုန်း (မောင်ဇေယျာ)၊ ဦးကြည်ဝင်း (လောကအမွန်)၊ တို့ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ၂၀၁၆ ခုနှစ်အတွင်း ထုတ်ဝေခဲ့သော ၀တ္ထုရှည် စာအုပ်များအနက် ပေးပို့လာသည့်စာအုပ်များကို ဆန်ခါတင်အဆင့် စိစစ်ဖတ်ရှုနေမှု အခြေအနေများနှင့် ပတ်သက်၍ တက်ရောက်လာသူများက ဆွေးနွေးကြကြောင်း သိရသည်။
၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေဆုများ စိစစ်ရွေးချယ်ရာတွင် ယခင်နှစ်ကဲ့သို့ပင် ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်နှင့် အတည်ပြုရွေးချယ်သည့်အဆင့် ဟူ၍ အဆင့်သုံးဆင့်ဖြင့် စနစ်တကျ ရွေးချယ်သွားမည်ဟု သတင်းရရှိသည်။