၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် စိစစ် ရွေးချယ်ခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ရာ ကဗျာပေါင်းချုပ် ဘာသာရပ်အတွက် ပဏာမအဆင့် အစည်းအဝေးကို ၂၀၁၇ ခုနှစ် ဇွန်လ ၁၃ ရက် နံနက် ၁၀ : ၀၀ နာရီက ရန်ကုန်မြို့၊ ကုန်သည်လမ်း ရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ ကဗျာပေါင်းချုပ် ဘာသာရပ် စိစစ်ရွေးချယ်ရေးကော်မတီဝင်များ ဖြစ်ကြ သည့် ဦးဟုန်ဝမ် (မောင်ဟုန်ဝမ်-ကထိက)၊ ဦးဌေးဝင်း (မောင်လင်းရိပ်)၊ ဦးညီညီ (မောင်ပြည့်မင်း)၊ ဦးမင်းဆန်းဦး (မင်းထက်မောင်)၊ ဦးသန်းအုန်း (မောင်ဇေယျာ)၊ ဦးကြည်ဝင်း (လောကအမွန်)၊ ဦးမြင့်စိုး (မြင့်စိုးလှိုင်)၊ ဒေါက်တာအောင်ကြီး၊ ဦးမြင့်ဦး (မောင်သင်းခိုင်) တို့ တက်ရောက်ခဲ့ကြပြီး ဦးကိုလေး (ကိုလေး-အင်း၀ဂုဏ်ရည်) က ခွင့်ပန်ခဲ့သည်။
အစည်းအဝေးတွင် ၂၀၁၆ ခုနှစ်အတွင်း ထုတ်ဝေခဲ့သော ကဗျာပေါင်းချုပ် ဘာသာရပ်ဆိုင်ရာ စာအုပ်များ အနက် ပေးပို့လာသည့်စာအုပ်များကို ပဏာမ အဆင့် စိစစ်ဖတ်ရှုနေမှု အခြေအနေများနှင့် ပတ်သက်၍ တက်ရောက်လာသူများက ဆွေးနွေးကြကြောင်း သိရသည်။
၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေဆုများ စိစစ်ရွေးချယ်ရာတွင် ယခင်နှစ်ကကဲ့သို့ပင် ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်နှင့် အတည်ပြု ရွေးချယ်သည့် အဆင့်ဟူ၍ အဆင့်သုံးဆင့်ဖြင့် စနစ်တကျ ရွေးချယ်သွားမည်ဟု သတင်းရရှိသည်။