နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် စာရေးဆရာများ မိတ်ဆုံညစာစားပွဲကို ၂၀၁၉ ခုနှစ်၊ ဇူလိုင် ၁၇ ရက် ညနေ ၆ နာရီက ရန်ကုန်မြို့ရှိ Novotel Hotel ၌ ကျင်းပသည်။
မိတ်ဆုံညစာစားပွဲ မစတင်မီ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က စာရေးဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ စာပေဆိုင်ရာ အကြောင်းအရာများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အမှာစကားပြောကြားရာ နေပြည်တော်တွင် စာနယ်ဇင်းလောကမှပုဂ္ဂိုလ်များနှင့် တွေ့ဆုံစဉ်က ဆရာ ဆရာမများ အားလုံးမပါ၀င်သည်ကို သတိပြုမိပါကြောင်း၊ မိမိတို့နိုင်ငံ၏ စာနယ်ဇင်းလောကမှာ ကျယ်ပြန့်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဂုဏ်သိက္ခာမှာ မိမိတို့နိုင်ငံသူ၊ နိုင်ငံသားများ၏ ပညာအရည်အချင်းပေါ်တွင် မူတည်ပါကြောင်း၊ ပညာဆိုသည်မှာ မှန်မှန်ကန်ကန်သုံး သပ်နိုင်ခြင်းဟု ယုံကြည်ယူဆပါကြောင်း၊ မှန်မှန်ကန်ကန် ဆင်ခြင်သုံးသပ်နိုင်ရန်ဆိုလျှင် ဘ၀အတွေ့အကြုံနှင့် စာပေအတွေ့အကြုံများမှာ အရေးကြီးပါကြောင်း၊ မိမိတို့ပြည်သူ၊ ပြည်သားများ အမြင်ကျယ်ပြန့်လာစေရန် ဆောင်ရွက်ပေးသည့် အတွက် စာပေလောကမှ ပုဂ္ဂိုလ်များကို လေးစားကျေးဇူးတင်ပါကြောင်း၊ မိမိတို့ နိုင်ငံမှ စာနယ်ဇင်း ပုဂ္ဂိုလ်များအနေဖြင့် မိမိတို့နိုင်ငံသူ၊ နိုင်ငံသားများ အမြင်ကျယ်ခြင်း၏ ကောင်းကျိုးများနှင့် အမြင်ကျယ်ခြင်းသည် မိမိတို့ လူ့အသိုင်းအဝိုင်းကို မည်သို့ ဆောင်ရွက် ပေးနိုင်သည်ကို ပညာပေး နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့နိုင်ငံသူ၊ နိုင်ငံသားများ၏ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိရန်၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုတိုးတက်လာစေရန် စာနယ်ဇင်း ပုဂ္ဂိုလ်များက ဝိုင်း၀န်းကူညီပေးကြမည်ဟု ယုံကြည်ပါကြောင်းပြောကြားသည်။
ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က မိတ်ဆုံညစာစားပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာ၊ ဆရာမများ ကိုယ်စား စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ) က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် စာရေးဆရာ၊ ဆရာမများ အတူတကွ ညစာ သုံးဆောင်သည်။
ညစာစားပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ သူရဦးအောင်ကို၊ ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာ၀န်ရှိသူများ၊ စာရေးဆရာ၊ ဆရာမများ တက်ရောက် ကြကြောင်း သိရသည်။