၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် စိစစ်ရွေးချယ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နေပြီဖြစ်ရာ သုတပဒေသာ (ဝိဇ္ဇာ) ဘာသာရပ်အတွက် ဆန်ခါတင်အဆင့် အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၅ ရက် နံနက် ၁၀ : ၀၀ နာရီက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ သုတပဒေသာ (ဝိဇ္ဇာ) ဘာသာရပ် စိစစ်ရွေးချယ်ရေး ကော်မတီဝင်များ ဖြစ်ကြသည့် ဦးအေးချို (မဟာဝိဇ္ဇာ)၊ ဒေါက်တာတိုးလှ၊ ဦးစိုးညွန့် (ရာပြည့်)၊ ဦးဇော်လင်း (လင်းအေး)၊ ဦးကြည်ဝင်း (လောကအမွန်)၊ ဦးသန်းအုန်း (မောင်ဇေယျာ) တို့ တက်ရောက်ခဲ့ကြပြီး ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ)၊ ဦးမြဟန်၊ ဒေါက်တာစိုးနိုင်တို့က ခွင့်ပန်ခဲ့ကြသည်။
အစည်းအဝေးတွင် ၂၀၁၉ ခုနှစ်အတွင်း ထုတ်ဝေခဲ့သော သုတပဒေသာ (ဝိဇ္ဇာ) ဘာသာရပ်ဆိုင်ရာ စာအုပ်များကို ဆန်ခါတင်အဆင့် ရွေးချယ်နိုင်ရေး အခြေအနေများနှင့် ပတ်သက်၍ တက်ရောက်လာသူများက ဆွေးနွေးကြကြောင်း သိရှိရသည်။
၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆုများ စိစစ်ရွေးချယ်ရာတွင် ယခင်နှစ်ကကဲ့သို့ပင် ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်နှင့် အတည်ပြုရွေးချယ်သည့် အဆင့်ဟူ၍ အဆင့်သုံးဆင့်ဖြင့် စနစ်တကျ ရွေးချယ်လျက်ရှိကြောင်း သတင်းရရှိသည်။