၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆု အင်္ဂလိပ်စာ (သုတ/ရသ) (ပဏာမအဆင့်) အစည်းအဝေးကို ၂၀၂၀ ခုနှစ် ဇွန်လ ၁၁ ရက် နံနက် ၁၀ : ၀၀ နာရီက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ ဦးမောင်လှိုင် (မောင်ဆွေငယ်)၊ ဒေါက်တာတိုးလှ၊ ဦးမောင်မောင် (ကြည်ရွှန်း)၊ ဒေါ်ခင်ဖုဏ်းရည် (နတ်မောက်အနီချို)၊ ဦးကြည်ဝင်း (လောကအမွန်)၊ ဦးသန်းအုန်း (မောင်ဇေယျာ) တို့ တက်ရောက်ခဲ့ကြပြီး စည်သူဒေါက်တာသော်ကောင်း၊ ဒေါက်တာဇော်ထွန်းတို့က ခွင့်ပန်ခဲ့ကြသည်။
အစည်းအဝေးတွင် ၂၀၁၉ ခုနှစ်အတွင်း ထုတ်ဝေခဲ့သော အင်္ဂလိပ်စာ (သုတ/ရသ) ဘာသာရပ်ဆိုင်ရာ စာအုပ်များ ပဏာမအဆင့် စိစစ်ဖတ်ရှုနေမှု အခြေအနေကို တက်ရောက်လာသူများက ဆွေးနွေးကြကြောင်း သိရသည်။
၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆုများ စိစစ်ရွေးချယ်ရာတွင် ယခင်နှစ်ကကဲ့သို့ပင် ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်နှင့် အတည်ပြုရွေးချယ်သည့် အဆင့်ဟူ၍ အဆင့်သုံးဆင့်ဖြင့် စနစ်တကျ ရွေးချယ်လျက်ရှိကြောင်း သတင်းရရှိသည်။