စာပေဗိမာန်နှင့် မြန်မာနိုင်ငံပညာပြန့်ပွားရေးအသင်းတို့ ပူးပေါင်းကျင်းပသည့် ကဗျာ့သဘော ကဗျာ့အရသာ စကားဝိုင်းကို (၃၁-၈-၂၀၁၉) ရက် နံနက် ၉ : ၀၀ နာရီက ရန်ကုန်မြို့၊ သိမ်ဖြူလမ်း သတင်းနှင့် စာနယ်ဇင်းရုံး၊ ရွှေဥဒေါင်းခန်းမ၌ ကျင်းပသည်။
အဆိုပါစကားဝိုင်းသို့ ဦးဆောင်ဆွေးနွေးမည့် ကဗျာဆရာများ၊ မြန်မာနိုင်ငံပညာပြန့်ပွားရေးအသင်းမှ တာဝန်ရှိသူများ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ စာရေးဆရာကဗျာဆရာများ၊ စာပေမြတ်နိုးသူများ တက်ရောက်သည်။ အခမ်းအနားတွင် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်က အမှာစကားပြောကြားပြီး ဆရာဦးလင်းအေးက စကားဝိုင်းကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ဦးဆောင်ဆွေးနွေးသည့် ဆရာမောင်လင်းရိပ်က စကားဝိုင်းတွင် ဆွေးနွေးမည့် ဆရာများနှင့် မိတ်ဆက် နိဒါန်းပြောကြားကာ ဆရာမြဝင်း (ဒဿန)၊ ဒေါက်တာအောင်ကြီးနှင့် ဆရာမြင့်စိုးလှိုင် တို့က ကဗျာ့သဘော ကဗျာ့အရသာနှင့်ပတ်သက်၍ ဆွေးနွေးကြသည်။
စကားဝိုင်းအပြီးတွင် တက်ရောက်လာကြသူများ၏ မေးမြန်းချက်များနှင့်ပတ်သက်၍ စကားဝိုင်းဆွေးနွေးသည့် စာရေးဆရာများက ပြန်လည်ရှင်းလင်း ခဲ့ကြသည်။ ထို့နောက် စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသည့်ဆရာများကို မြန်မာနိုင်ငံပညာ့ပြန့်ပွားရေးအသင်းမှ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။