မြန်မာစာပေဖွံ့ဖြိုးရေး၊ ပြည်သူများ စာဖတ်ခြင်းအလေ့ တိုးပွားရေးနှင့် ပညာဗဟုသုတ ကြွယ်၀ရေးတို့ကို ရည်ရွယ်၍ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနသည် စာပေဗိမာန်စာအုပ်ဆိုင်များကို ရန်ကုန်၊ နေပြည်တော်၊ မန္တလေးတို့တွင် ဖွင့်လှစ်ရောင်းချလျက်ရှိပါသည်။ စာပေဗိမာန်စာအုပ်ဆိုင်များတွင် စာပေဗိမာန်ကထုတ်ဝေသည့် မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၅ တွဲ၏ ဖြည့်စွက်ကျမ်းများဖြစ်သည့် နှစ်စဉ်ထုတ် မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် စာအုပ်များ၊ နိုင်ငံတကာထုတ် စာအုပ်စာစောင်များမှ ကောင်းနိုးရာရာ အကြောင်းအရာများကို ဘာသာပြန်ဆို ထုတ်ဝေသည့် လစဉ်ထုတ် သုတပဒေသာစာစောင်များ၊ စာပေဗိမာန်စာမူဆုနှင့် ပခုက္ကူဦးအုံးဖေ တည်ထောင်သော ပခုက္ကူစာပေဆုရ ပြည်သူ့လက်စွဲစာအုပ်များ၊ ၂၀ ရာစု မြန်မာစာပေသမိုင်းတစ်လျှောက် ထွက်ပေါ်ခဲ့သည့် စာအုပ်စာပေများထဲမှ အထူးခြားဆုံး၊ အကောင်းဆုံးလက်ရာများကို ရွေးချယ်စုစည်း ထုတ်ဝေလျက်ရှိသည့် မြန်မာဂန္ထဝင်အတွဲ (၁၀၀) ၀တ္ထုရှည်စာစဉ်တွဲစာအုပ်များ ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ဝေသည့် နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ချက် မှတ်တမ်းစာအုပ်များ၊ နိုင်ငံတော်အကြီးအကဲများ၏ မိန့်ခွန်းစာအုပ်များ၊ နိုင်ငံတော်အဆင့်အစည်းအဝေး မှတ်တမ်းစာအုပ်များ၊ နိုင်ငံတော် ပြန်တမ်းများ အပါအဝင် စာအုပ်အမျိုးပေါင်း ၅၄၀ ကျော်နှင့် အစိုးရဌာနများမှ ထုတ်ဝေသော စာအုပ်အမျိုးအစား ၂၄၀ ကျော်၊ ပြည်ထောင်စုလွှတ်တော်၊ ပုဂ္ဂလိကစာပေတိုက်များမှ ထုတ်ဝေသည့် ဥပဒေစာအုပ်အမျိုးအစား ၄၀၀ ကျော်နှင့် သုတ၊ ရသစာအုပ်အမျိုးအစား ၁၂၀၀၀ ကျော်တို့ကို စုံလင်စွာ ရောင်းချပေးလျက်ရှိပါသည်။
စာပေဗိမာန်စာအုပ်ဆိုင် (ရန်ကုန်) ကို အမှတ် - ၅၂၉/၅၃၁ ကုန်သည်လမ်းတွင် ဖွင့်လှစ်ရောင်းချလျက် ရှိပါသည်။ စာပေဗိမာန်စာအုပ်ဆိုင် (ရန်ကုန်) တွင် အခြားစာပေတိုက်ထုတ် စာအုပ်များ စုံလင်စွာ ရရှိနိုင်ပြီး စာပေဗိမာန်ထုတ်စာအုပ်များကို လက်လီလက်ကား ဝယ်ယူရရှိနိုင်ပါသည်။ စာပေဗိမာန်စာအုပ်ဆိုင် (ရန်ကုန်) နှင့် ဆက်သွယ်လိုပါက ဖုန်းနံပါတ် ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်နိုင်ပါသည်။
စာပေဗိမာန်စာအုပ်ဆိုင် (နေပြည်တော်) ကို အမှတ် (တ-၅၅)၊ သပြေကုန်းစျေးတွင် ဖွင့်လှစ် ရောင်းချလျက်ရှိပြီး စာပေဗိမာန်စာအုပ်ဆိုင် (နေပြည်တော်) နှင့် ဆက်သွယ်လိုပါက ဖုန်းနံပါတ် ၀၆၇-၃၄၁၄၆၈၁ သို့ ဆက်သွယ်နိုင်ပါသည်။
စာပေဗိမာန်စာအုပ်ဆိုင် (မန္တလေး) ကို ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြားတွင် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး စာပေဗိမာန်စာအုပ်ဆိုင် (မန္တလေး) နှင့် ဆက်သွယ်လိုပါက ဖုန်းနံပါတ် ၀၂-၄၀၃၀၁၈၆ သို့ ဆက်သွယ်နိုင်ပါသည်။