၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် စိစစ်ရွေးချယ်ခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ရာ သုတပဒေသာ (ဝိဇ္ဇာ) ဘာသာရပ်အတွက် ပဏာမအဆင့် အစည်းအဝေး ကို ၂၀၁၉ ခုနှစ် ဇွန်လ ၂၅ ရက် နံနက် ၁၀ : ၀၀ နာရီက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ သုတပဒေသာ (ဝိဇ္ဇာ) ဘာသာရပ် စိစစ်ရွေးချယ်ရေး ကော်မတီဝင်များ ဖြစ်ကြသည့် ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ)၊ ဦးအေးချို (မဟာဝိဇ္ဇာ)၊ ဦးစိုးညွန့် (ရာပြည့်)၊ ဒေါက်တာစိုးနိုင်၊ ဦးကြည်ဝင်း (လောကအမွန်) တို့က တက်ရောက်ခဲ့ကြပြီး ဒေါက်တာတိုးလှ၊ ဦးမြဟန်၊ ဦးဇော်လင်း (လင်းအေး)၊ ဦးသန်းအုန်း (မောင်ဇေယျာ) တို့က ခွင့်ပန်ခဲ့ကြသည်။
အစည်းအဝေးတွင် ၂၀၁၈ ခုနှစ်အတွင်း ထုတ်ဝေခဲ့သော သုတပဒေသာ (ဝိဇ္ဇာ) ဘာသာရပ်ဆိုင်ရာ စာအုပ်များအနက် ပေးပို့လာသည့်စာအုပ်များကို ပဏာမအဆင့် စိစစ်ဖတ်ရှုနေမှု အခြေအနေများနှင့် ပတ်သက်၍ တက်ရောက်လာသူများက ဆွေးနွေးကြကြောင်း သိရသည်။
၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေဆုများ စိစစ်ရွေးချယ်ရာတွင် ယခင်နှစ်ကကဲ့သို့ပင် ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်နှင့် အတည်ပြုရွေးချယ်သည့်အဆင့် ဟူ၍ အဆင့်သုံးဆင့်ဖြင့် စနစ်တကျ ရွေးချယ်သွားမည်ဟု သတင်းရရှိသည်။