၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် အတည်ပြုအဆင့် စိစစ် ရွေးချယ်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ရာ စာပဒေသာ အတွက် အတည်ပြု အဆင့် အစည်းအဝေးကို ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၉ ရက် နံနက် ၁၀: ၀၀ နာရီက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ စာပဒေသာ ဘာသာရပ် စိစစ်ရွေးချယ်ရေးအဖွဲ့ အဖွဲ့ဝင်များ ဖြစ်ကြသည့် စည်သူဒေါက်တာသော်ကောင်း၊ ဒေါ်တင်ဝင်းရည်၊ ဦးစိုးညွန့် (ရာပြည့်)၊ ဦးဇော်လင်း (လင်းအေး)၊ ဒေါ်နန်းအိအိဇာ၊ ဦးမြဝင်း (မြဝင်း-ဒဿန)၊ ဦးမြင့်စိုး (မြင့်စိုးလှိုင်)၊ ဦးသန်းအုန်း (မောင်ဇေယျာ)၊ ဦးကြည်ဝင်း (လောကအမွန်) တို့ တက်ရောက်ခဲ့ကြပြီး ဒေါက်တာတိုးလှ က ခွင့်ပန်ခဲ့သည်။
အစည်းအဝေးတွင် ပေးပို့လာသည့် ၂၀၁၆ ခုနှစ်အတွင်း ထုတ်ဝေခဲ့သော စာပဒေသာ ဘာသာရပ်ဆိုင်ရာ စာအုပ်များ အတည်ပြုအဆင့် စိစစ်ဖတ်ရှုနေမှု အခြေအနေကို တက်ရောက် လာသူများက ဆွေးနွေးကြကြောင်း သိရသည်။
၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေဆုများ စိစစ်ရွေးချယ်ရာတွင် ယခင်နှစ်ကကဲ့သို့ပင် ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်နှင့် အတည်ပြုရွေးချယ်သည့် အဆင့်ဟူ၍ အဆင့်သုံးဆင့်ဖြင့် စနစ်တကျ ရွေးချယ်လျက်ရှိကြောင်း သတင်းရရှိသည်။