၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် အတည်ပြုအဆင့် စိစစ် ရွေးချယ်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ရာ ဘာသာပြန် (သုတ/ရသ) အတွက် အတည်ပြုအဆင့် အစည်းအဝေးကို ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၄ ရက် မွန်းတည့် ၁၂: ၀၀ နာရီက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ ဘာသာပြန် (သုတ/ရသ) ဘာသာရပ် စိစစ်ရွေးချယ်ရေးအဖွဲ့ အဖွဲ့ဝင် များ ဖြစ်ကြသည့် ဦးခင်မောင်စိုး (မောင်ပေါ်ထွန်း)၊ ဒေါက်တာမောင်မောင်စံ (ကြည်မင်း)၊ ဦးကျော်နိုင် (ထက်မြက်)၊ ဦးခင်မောင်စိုး (မောင်သာမည)၊ ဦးမောင်မောင်ဦး (ဟိန်းလတ်)၊ ဒေါက်တာအောင်ကြီး၊ ဦးသန်းဌေး (သင့်နော်)၊ ဦးသန်းအုန်း (မောင်ဇေယျာ)၊ ဦးကြည်ဝင်း (လောကအမွန်) တို့ တက်ရောက်ခဲ့ကြပြီး ဦးမောင်မောင် (ကြည်ရွှန်း)၊ ဦးမြင့်သိန်း (တင့်ဇော်) တို့က ခွင့်ပန်ခဲ့ကြသည်။
အစည်းအဝေးတွင် ပေးပို့လာသည့် ၂၀၁၆ ခုနှစ်အတွင်း ထုတ်ဝေခဲ့သော ဘာသာပြန် (သုတ/ရသ) ဘာသာရပ်ဆိုင်ရာ စာအုပ်များ အတည်ပြုအဆင့် စိစစ်ဖတ်ရှုနေမှု အခြေအနေကို တက်ရောက် လာသူများက ဆွေးနွေးကြကြောင်း သိရသည်။
၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေဆုများ စိစစ်ရွေးချယ်ရာတွင် ယခင်နှစ်ကကဲ့သို့ပင် ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်နှင့် အတည်ပြုရွေးချယ်သည့် အဆင့်ဟူ၍ အဆင့်သုံးဆင့်ဖြင့် စနစ်တကျ ရွေးချယ်လျက်ရှိကြောင်း သတင်းရရှိသည်။