၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် စိစစ်ရွေးချယ်ခြင်းလုပ်ငန်း များကို စတင်ဆောင်ရွက်နေပြီဖြစ်ရာ ကဗျာပေါင်းချုပ် ဘာသာရပ်အတွက် ဆန်ခါတင်အဆင့် အစည်းအဝေးကို ၂၀၁၇ ခုနှစ် ဩဂုတ်လ ၃ ရက် နံနက် ၁၀ : ၀၀ နာရီက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ ကဗျာပေါင်းချုပ် ဘာသာရပ် စိစစ်ရွေးချယ်ရေး ကော်မတီဝင်များ ဖြစ်ကြသည့် ဦးဟုန်ဝမ် (မောင်ဟုန်ဝမ်-ကထိက)၊ ဦးဌေးဝင်း (မောင်လင်းရိပ်)၊ ဦးညီညီ (မောင်ပြည့်မင်း)၊ ဦးမင်းဆန်းဦး (မင်းထက်မောင်)၊ ဦးမြင့်စိုး (မြင့်စိုးလှိုင်)၊ ဒေါက်တာအောင်ကြီး၊ ဦးမြင့်ဦး (မောင်သင်းခိုင်)၊ ဦးသန်းအုန်း (မောင်ဇေယျာ)၊ ဦးကြည်ဝင်း (လောကအမွန်) တို့ တက်ရောက်ခဲ့ကြပြီး ဦးကိုလေး (ကိုလေး-အင်း၀ဂုဏ်ရည်) က ခွင့်ပန်ခဲ့ သည်။
အစည်းအဝေးတွင် ၂၀၁၆ ခုနှစ်အတွင်း ထုတ်ဝေခဲ့သော ကဗျာပေါင်းချုပ် စာအုပ်များအနက် ပေးပို့လာသည့်စာအုပ်များကို ဆန်ခါတင်အဆင့် စိစစ်ဖတ်ရှု နေမှု အခြေအနေများနှင့် ပတ်သက်၍ တက်ရောက်လာသူများက ဆွေးနွေးကြကြောင်း သိရသည်။
၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေဆုများ စိစစ်ရွေးချယ်ရာတွင် ယခင်နှစ်ကဲ့သို့ပင် ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်နှင့် အတည်ပြုရွေးချယ်သည့် အဆင့်ဟူ၍ အဆင့်သုံးဆင့်ဖြင့် စနစ်တကျ ရွေးချယ်သွားမည်ဟု သတင်းရရှိသည်။