၂ဝ၁၆ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် ဆန်ခါတင်အဆင့် စိစစ်ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ စာပဒေသာ အဖွဲ့ငယ် အစည်းအဝေးကို ၂ဝ၁၇ ခုနှစ် ဇူလိုင်လ ၂၈ ရက် နံနက် ၁၁:၀၀ နာရီက ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
စာပဒေသာ အဖွဲ့ငယ် ဆန်ခါတင်အဆင့် အစည်းအဝေးသို့ ဦးမောင်မောင်ဦး (ဟိန်းလတ်)၊ ဦးတင့်ခိုင် (တင့်ခိုင်)၊ ဦးသန်းအုန်း (မောင်ဇေယျာ) တို့ တက်ရောက်ခဲ့ကြပြီး ဒေါက်တာမြင့်သန်း (ညောင်လေးပင်)၊ ဒေါက်တာတင်မောင်ထွေး (ဒေါက်ထွေး-ဆေး/မန်း) တို့က ခွင့်ပန်ခဲ့ကြသည်။
အစည်းအဝေးတွင် ၂ဝ၁၆ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲသို့ ပေးပို့ယှဉ်ပြိုင်ထားသည့် စာပဒေသာ စာမူများအား ဆန်ခါတင်အဆင့် စိစစ်ဖတ်ရှုနေမှု အခြေအနေကို စိစစ်ရွေးချယ်ရေး အဖွဲ့ဝင်များက ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။