၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် စိစစ်ရွေးချယ်ခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ရာ အင်္ဂလိပ်စာ (သုတ/ရသ) စာပေ ဘာသာရပ် အဖွဲ့ငယ် (အတည်ပြုအဆင့်) အစည်းအဝေးကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက် နံနက် ၁၀ : ၀၀ နာရီက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ အင်္ဂလိပ်စာ (သုတ/ရသ) စာပေ ဘာသာရပ် အဖွဲ့ငယ် (အတည်ပြုအဆင့်) စိစစ်ရွေးချယ်ရေး ကော်မတီဝင်များ ဖြစ်ကြသည့် ဒေါက်တာတိုးလှ၊ ဦးမောင်မောင်ဦး (ဟိန်းလတ်)၊ ဦးမောင်မောင် (ကြည်ရွှန်း)၊ ဒေါ်ခင်ဖုဏ်းရည် (နတ်မောင်အနီချို)၊ ဦးသန်းအုန်း (မောင်ဇေယျာ)၊ ဦးကြည်ဝင်း (လောကအမွန်) တို့ တက်ရောက်ခဲ့ကြပြီး စည်သူဒေါက်တာသော်ကောင်း၊ ဦးမောင်လှိုင် (မောင်ဆွေငယ်) တို့က ခွင့်ပန်ခဲ့ကြသည်။
အစည်းအဝေးတွင် ၂၀၁၈ ခုနှစ်အတွင်း ထုတ်ဝေခဲ့သော အင်္ဂလိပ်စာ (သုတ/ရသ) စာပေ ဘာသာရပ် အဖွဲ့ငယ် (အတည်ပြုအဆင့်) ဘာသာရပ်ဆိုင်ရာ စာအုပ်များအနက် ပေးပို့လာသည့်စာအုပ်များကို အတည်ပြုအဆင့် စိစစ်ဖတ်ရှုနေမှု အခြေအနေများနှင့် ပတ်သက်၍ တက်ရောက်လာသူများက ဆွေးနွေးကြကြောင်း သိရသည်။
၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေဆုများ စိစစ်ရွေးချယ်ရာတွင် ယခင်နှစ်ကကဲ့သို့ပင် ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်နှင့် အတည်ပြုအဆင့်ဟူ၍ အဆင့်သုံးဆင့်ဖြင့် ရွေးချယ်လျက်ရှိကြောင်း သတင်းရရှိသည်။
မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။
ဆက်ဖတ်ရန်